လူမှုဝန်ထမ်းနဲ့ AAPP ပူးပေါင်းဆောင်ရွက်မယ်
2016.12.09

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP တို့က စိတ်ဒဏ်ရာရရှိသူတွေကို ပြန်လည်ကုစားရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဒီနေ့မနက်မှာ ဆွေးနွေးကြပါတယ်။
လူကယ်ပြန်ဝန်ကြီးဌာနက လုပ်ဆောင်နေတဲ့ လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေ၊ မသန်စွမ်းတွေနဲ့ အမျိုးသမီး ပြန် လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းလုပ်ဆောင်ဖို့ ဆွေးနွေတာဖြစ်တယ်လို့ AAPP က တွဲဘက် အတွင်းရေးမှူး ဦးဘိုကြည် က ပြောပါတယ်။
"လူကယ်ပြန်ထဲမှာဆိုရင်လည်း သူတို့ Trafficking လုပ်ခံရတဲ့အမျိုးသမီးတွေကို သူတို့ကူညီပေးနေ တာတွေရှိတယ်။ နောက်အမျိုးသမီးဘဝ ပြန်လည်ထူထောင်ရေးနဲ့ ပတ်သက်ပြီး လူကယ်ပြန်ကနေ လုပ်နေတာရှိတယ်။ မသန်စွမ်းတွေနဲ့ ပတ်သက်ပြီး လူကယ်ပြန်က လုပ်နေတာတွေရှိပါတယ်။ သူတို့ဘဝကို ပြန်လည်ထူထောင်တဲ့အခါမှာ ရုပ်ပိုင်း၊ စိတ်ပိုင်း ပြန်လည်ထူထောင်တာမျိုးတွေရှိတယ်။ အဲဒီမှာ ကျွန်တော်တို့က ဒီစိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးမှုအပိုင်းမှာ AAPP အနေနဲ့ တတ်နိုင်သလောက် ပူးပေါင်းပြီး ဆောင်ရွက်ဖို့ ဆွေးနွေးကြတာပါ။"
AAPP အနေနဲ့ လူကယ်ပြန်ဝန်ကြီးဌာနနဲ့ အကြံပေးဆွေးနွေးတာတွေအပြင် စိတ်ဒဏ်ရာကုစားရေး ပြဿနာတွေနဲ့ ပတ်သက်ပြီး သုတေသနလုပ်ငန်းတွေမှာပါ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလို ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ဝန်ကြီးဌာနနဲ့ ဆက်လက်ဆွေးနွေးသွားရမှာတွေ ရှိတယ်လို့လည်း ဦးဘိုကြည် က ပြောပါတယ်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP တို့ဟာ လူကယ်ပြန်ဝန်ကြီးရုံးမှာ ဒီနေ့ တွေ့ဆုံခဲ့ တာဖြစ်ပါတယ်။