ဒုကာကွယ်ရေးဦးစီးချုပ် အိန္ဒိယ စစ်ဌာနချုပ်လေ့လာ
2018.09.20

ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်တဲ့ အဖွဲ့ဝင် ၉ ဦးပါအဖွဲ့ဟာ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့၊ Fort William မှာရှိတဲ့ အိန္ဒိယ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကို ကြာသပတေးနေ့က သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။
မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ဟာ ပူနီမြို့မှာ တနင်္ဂနွေနေ့က စတင်ကျင်းပခဲ့တဲ့ ဘင်းမ်စတက် ညီလာခံကို တက်ရောက်ဖို့ အိန္ဒိယကို ရောက်ရှိနေခဲ့ကြတာဖြစ်ပါတယ်။
ဒီခရီးစဉ်ဟာ ချစ်ကြည်ရင်းနှီးတဲ့ နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုခိုင်မာစေမှာဖြစ်တဲ့အပြင်၊ နှစ်နိုင်ငံ နယ်စပ်ဆိုင်ရာ စီမံခန့်ခွဲရေးအတွက်လည်း ပိုမိုတိုးတက်ကောင်းမွန်လာအောင် အထောက်အကူပြုမှာဖြစ်ကြောင်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ပြောကြားခဲ့ပါတယ်။
ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဟာ ပူနီမြို့မှာ သင်တန်းတက်လေ့ကျင့်နေကြတဲ့ တပ်မတော်အရာရှိတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
အိန္ဒိယအရှေ့မြောက်ပိုင်းမှာ ဗဟိုအစိုးရကို တော်လှန်နေတဲ့ ခွဲထွက်ရေး လူမျိုးစုသူပုန်တွေရှိနေကြပြီး၊ အဲဒီအဖွဲ့တွေဟာ မြန်မာဘက်ခြမ်းက တောတောင်ထူထပ်တဲ့နေရာတွေကို ဝင်ရောက်ခိုလှုံအကာအကွယ် ယူပြီး အိန္ဒိယအစိုးရကို တိုက်ခိုက်နေကြပါတယ်။ အဲဒီ သူပုန်အဖွဲ့တွေကို လက်မခံနှင်ထုတ်ပေးဖို့ အိန္ဒိယအစိုးရ အဆက်ဆက်က မြန်မာကို အကူအညီတောင်းခံတိုက်တွန်းခဲ့ပါတယ်။