ချီဖွေ လမ်းတွေ ပြင်ဖို့လိုနေ


2016.05.26
sotlaw-620.jpg ကချင်ပြည်နယ် ဆော့လော်မြို့နယ်မှာ ဧပြီလ ၂၄ ရက်နေ့က မိုးဒဏ်လေဒဏ်ကြောင့် ပျက်စီးနေတဲ့အိမ်တွေကို တွေ့ရစဉ်
Photo: MOI Facebook

မိုးကြီးပြီး လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ပျက်စီးသွားတဲ့ ကချင်ပြည်နယ် ချီဖွေမြို့နယ်က လမ်းတွေကို မပြင်ဘူး ဆိုရင် လေပြင်းမုန်တိုင်းကြောင့် ဒုက္ခရောက်နေတဲ့ ချီဖွေဒေသခံ ၂ ထောင်ကျော်ဟာ လာမယ့်ဇွန်လ နောက်ပိုင်း စားနပ်ရိက္ခာပြတ်လပ်သွားနိုင်ကြောင်း ချီဖွေမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဇုန်းတိန့်က ပြည်သူ့လွှတ်တော် ထံ အရေးကြီးအဆို တင်သွင်းခဲ့ပါတယ်။

ရေကြီးပြီး ချီဖွေနဲ့ ဆော့လော်မြို့နယ်ကို ဆက်သွယ်ထားတဲ့ ဒေသဖွံ့ဖြိုးရေးလမ်းမကြီး ပျက်စီးနေတဲ့အတွက် အဲ့ဒီလမ်းမကြီးကို အချိန်မီ မဆောက်လုပ်နိုင်ရင် ဒေသခံတွေအတွက် စားနပ်ရိက္ခာပို့ဆောင်ဖို့ အခက်အခဲဖြစ်နိုင် တာကို တင်ပြခဲ့တာဖြစ်ပါတယ်။

"ဖြစ်သွားတဲ့ သဘာဝဘေးဒဏ်ကြောင့် ရိက္ခာကို တပ်မတော်ရဟတ်ယာဉ်နဲ့ ကူထားတဲ့အတွက် ဇွန်လကုန် အထိကတော့ လုံလောက်တဲ့ အတိုင်းအတာရှိပါတယ်၊ ဒါပေမဲ့ ဇွန်လနောက်ပိုင်းမှာ ရိက္ခာပြတ်သွားမယ့် ပျက်စီး သွားတဲ့အိမ်ခြေဟာ ၁၁၄ အိမ်၊ လမ်းပိတ်ဆို့ပြီးတော့ သောင်တင်နေတဲ့အိမ်ခြေက ၄ဝ၉ အိမ်နဲ့ လူဦးရေက ၂၅၅၄ ယောက် ဇွန်လနောက်ပိုင်းမှာ ရိက္ခာပြတ်မယ့်ကိစ္စကို ဒီလမ်းကြီးက အချိန်မီမဆောက်လုပ်နိုင်ရင် ရိက္ခာကို ဘယ်လိုပို့မလဲဆိုတဲ့ အခန်းကဏ္ဍကို မေးမြန်းတင်ပြဆွေးနွေးလိုပါတယ်"

ဒေသဖံ့ွဖြိုးရေးလမ်းမကြီးဟာ ကချင်အထူးဒေသ ၁ က ဖောက်လုပ်ထားတာဖြစ်တဲ့အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနနဲ့ မဆိုင်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနနဲ့သာ သက်ဆိုင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်က ပြန်လည်ဖြေကြားခဲ့ပါတယ်။ နယ်စပ်ရေးရာဝန်ကြီးဌာနကလည်း အဲ့ဒီလမ်းမကြီး ပြင်ဆင်ဖို့အတွက် လာမယ့်နှစ်ဘတ်ဂျက်မှာမှ ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ဖြေကြားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး မိုးအဆက်မပြတ်ရွာနေတာကြောင့် ခေါင်လန်ဖူး၊ ချီဖွေနဲ့ ဆွမ်ပရာဘွမ်မြို့နယ်တွေ မှာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားပြီး အိမ်တွေ ပျက်စီးခဲ့တဲ့ ဒေသခံ ၂ ထောင်လောက် စားဝတ်နေရေး အခက်အခဲဖြစ်နေပါတယ်။ စတင်ဖြစ်စဉ်က တပ်မတော်က ရဟတ်ယာဉ်နဲ့ ရိက္ခာတွေ ပို့ဆောင်ပေးခဲ့တဲ့အတွက် လာမယ့် ဇွန်လကုန်အထိ ပူပန်စရာမလိုသေးဘဲ ဇွန်လကုန်မှာ အခက်အခဲရှိလာမယ်လို့ လွှတ်တော်ကိုယ်စားလှယ် ၃ ဦးက တင်သွင်းခဲ့တာဖြစ်ပါတယ်။

ကိုယ်စားလှယ် ၃ ဦးရဲ့ တင်ပြချက်တွေကို ပြည်ထဲရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးတွေက လွှတ်တော်မှာ တင်ပြခဲ့ကြပါတယ်။ ချီဖွေ၊ ဆော့လော်၊ ဆွမ်ပရာဘွမ်၊ ခေါင်လန်ဖူးမြို့နယ်တွေဟာ တရုတ်-မြန်မာနယ်စပ်မှာရှိတာဖြစ်ပါတယ်။ ကိုယ်စားလှယ် ၃ ဦးရဲ့ တိုက်တွန်းချက်တွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေက လုပ်ဆောင်နေပြီဖြစ်တဲ့အတွက် အဆိုတွေကို လွှတ်တော်မှာ မှတ်တမ်းတင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။