အပစ်ရပ်ပြီးနောက် ပထအဆုံးအကြိမ်ကျင်းပတဲ့ ရှမ်းတော်လှန်ရေးနေ့
2012.05.21

ဒီအကြောင်းနဲ့ပတ်သက်လို့ ရှမ်းတပ်မှူးတစ်ယောက်က အခုလို ပြောပြပါတယ်။
"အပစ်အခတ်ရပ်စဲရေးလုပ်ပြီးတော့ ဒါပထမဆုံးအကြိမ်ပဲ။ တော်လှန်ရေးပွဲလုပ်တာ ရှမ်းပြည်နယ်မှာ ပွဲလုပ်ရတာ ကျနော်တို့အနေနဲ့အားရပါတယ်။ လူထုကလည်း အများကြီး အကူအညီပေးတယ်။ ကျန်တဲ့အဖွဲ့အစည်းတွေလည်း အများကြီး အကူအညီ ပေးတဲ့အတွက် အတော်လေး အားရပါတယ်။ အဓိကတော့ မူဆယ်၊ နမ့်ခမ်း ၊ ဆယ့်ကိုးရွာ၊ ဟိုဘက်က ပန်ဆိုင်း အတော်များပါတယ်ဗျ။ ရှမ်းပြည် မြောက်ပိုင်း တရုတ်ပြည်နယ်စပ် တကြော။"
ဒီပွဲကို လူဦးရေ ၂၀၀၀ ကျော်လောက် တွေ့ရပါတယ်။ ဒီအခမ်းအနားကို ABSDF မဟာမိတ်ကျောင်းသားတပ်မတော် မြောက်ပိုင်း အဖွဲ့ကလည်း တက်ရောက်ပြီး သဝဏ်လွှာဖတ်ကြားတာ တွေ့ရသလို တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကိုလည်း ဖိတ်ကြားထားတာ တွေ့ရပါတယ်။
ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့က ရှမ်းပြည်မြောက်ပိုင်းမှာလာပြီးတော်လှန်ရေးပွဲလုပ်တာနဲ့ ပတ်သက်လို့ အဆိုပါတပ်မှူးက ခုလို ရှင်းပြပါတယ်။
" ကျနော်တို့အဖွဲ့အစည်းချင်း အတူတူပါပဲ။ ကျနော်တို့ရဲ့ ရည်မှန်းချက်၊ ဦးတည်ချက် အကုန်လုံးအတူတူပါပဲ။ အခုလောလောဆယ်အခြေအနေအရ အပစ်အခတ် ရပ်စဲပြီး နောက်ပိုင်းဒီမှာ နမ့်ခမ်းမြို့နယ်ထဲက နောင်မ ကျေးရွာမှာ လုပ်တာ အဓိကက ဒီဘက်ကလူထုက တော်လှန်ရေးနဲ့ ပတ်သက်တဲ့ တော်လှန်ရေးပွဲဆိုတဲ့ အနှစ်သာရကို မသိသေးတာများတော့ ဒီတော်လှန်ရေး အနှစ်သာရလေးတွေကို ရှင်းပြရင်း လူထုကတော့ ကျနော်တို့ရဲ့ အဖွဲ့အစည်းအပေါ်တော့ တော်တော်လေးအားရပါတယ်။"
အခုပွဲကျင်းပတဲ့ ဒေသကို RCSS/SSA တောင်ပိုင်းအဖွဲ့ရဲ့ ၇၀၁ စစ်ဒေသလို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ရှမ်းပြည်တပ်မတော် SSA တောင်ပိုင်းအဖွဲ့ဟာ မြန်မာအစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီနဲ့ မေလ ၁၉ ရက်နေ့က မူးယစ်ဆေးဝါးကိစ္စ အပါအဝင် အချက် ၁၁ ချက်ကို ၂ ဘက် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြ ပါတယ်။
၂ဘက်ကိုယ်စားလှယ်တွေ ၂၀၁၁ ခုှနှစ် ဒီဇင်ဘာလက အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးပြီးနောက် ရှမ်းပြည်နယ် အတွင်းမှာ တိုက်ပွဲ ၁၇ ကြိမ် ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။