မိုင်းကိုင်မှာ ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ တိုက်ပွဲပြင်းထန်နေ
2021.09.14
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စုအတွင်းမှာ စက်တင်ဘာလ ၁၄ ရက် ဒီမနက်ပိုင်း ကစလို့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်တွေ တိုက်ပွဲဖြစ်ပွားပြီး ဟိုခဲကျေးရွာသား တစ်ထောင်ဝန်းကျင်ဟာ ဘုန်းကြီးကျောင်းတွေမှာ ထွက်ပြေးခိုလှုံနေကြ ရတယ်လို့ မိုင်းကိုင်မြို့ဒေသခံတွေက RFA ကို ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲတွေဟာ နေ့လယ်ပိုင်းအထိ ဖြစ်ပွားခဲ့ပြီး ဒေသခံတွေက ဟိုခဲဘုန်းကြီးကျောင်းနဲ့ နောင်လိုင် ကျောင်းတွေမှာ ခိုလှုံနေကြရတာလို့ ပြောပါတယ်။
RCSS ပြောခွင့်ရ ဗိုလ်မှူးခမ်းစံက ဒီမနက်ပိုင်းမှာ RCSS တပ်ဖွဲ့တွေရှိတဲ့ မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာ အတွင်းကို SSPP တပ်ဖွဲ့တွေ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေဖြစ်နေတယ်လို့ ပြောပါတယ်။
တိုက်ပွဲနဲ့ပတ်သက်ပြီး SSPP ပြောခွင့်ရသူတွေကိုတော့ RFA က ဆက်သွယ်လို့ မရသေးပါဘူး။
ရှမ်းပြည်တောင်ပိုင်း ကျေးသီး၊ မိုင်းနောင်လမ်းပိုင်းနဲ့ လွိုင်ဟုန်း တောင်ကြောတစ်လျှောက်မှာ ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကနေ ဇူလိုင်လကုန်အထိ SSPP နဲ့ RCSS တပ်တွေ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။
ပြီးခဲ့တဲ့ သြဂုတ်နဲ့ စက်တင်ဘာလဆန်းပိုင်းတွေမှာ တိုက်ပွဲတွေငြိမ်နေခဲ့ရာကနေ ဒီနေ့မှာတော့ ကျေးသီး၊ မိုင်းနောင်နဲ့ ဆက်နေတဲ့ မိုင်းကိုင်မြို့နယ်ဘက်မှာ တိုက်ပွဲတွေ တကျော့ပြန်ဖြစ်ပွားလာတာဖြစ်ပါတယ်။