နယ်မြေပိုင်းခြားမှုကိုအခြေခံပြီး ပူးပေါင်းနိုင်ဖို့ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ ကြေညာချက်ထုတ်

2021.10.04
နယ်မြေပိုင်းခြားမှုကိုအခြေခံပြီး ပူးပေါင်းနိုင်ဖို့ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ ကြေညာချက်ထုတ် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: RFA

ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့အနေနဲ့ တိုက်ပွဲတွေ ရပ်တန့်နိုင်ရေး ကနဦးခြေလှမ်းအဖြစ် ဘုံရည်မှန်းချက် တူညီတဲ့ နေရာမှာ ပူးပေါင်းဆောင်ရွက်ပြီး မတူညီတာတွေကို ဆက်လက်ဆွေးနွေးဖို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က အောက်တိုဘာလ ၃ ရက် မနေ့က ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုပါတယ်။

ထုတ်ပြန်ချက်ထဲမှာ ရှမ်းပြည်နယ်ကို အရင်က သတ်မှတ်ထားတဲ့အတိုင်း တောင်ပိုင်းကို ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) က တာဝန်ယူပြီး မြောက်ပိုင်းကို SSPP က တာဝန်ယူဖို့ပါဝင်ကာ အဲဒီကနေ တစ်ဆင့် ရှမ်းနှစ်တပ် ပူးပေါင်းဆောင်ရွက်တာက ပိုပြီးလက်တွေ့ကျမှာဖြစ်သလို ရလဒ်ကောင်းတွေလည်း ပိုရမယ်လို့ ပါရှိပါတယ်။

အောက်တိုဘာလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ RCSS ထုတ်ပြန်ချက်မှာတော့ SSPP ဟာ တအာန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) အပါအဝင် မြောက်ပိုင်းမဟာမိတ် တပ်တွေနဲ့ပေါင်းပြီး RCSS ကို လိုက်လံတိုက်ခိုက်နေသလို စစ်ကောင်စီတပ်ကလည်း လမ်းမတွေကို အသုံးပြုခွင့် အကူအညီပေးနေတယ်လို့ ပြောထားပါတယ်။

ဆွေးနွေးဖို့နည်းလမ်းထက် စစ်ရေးနည်းကိုပဲ အသုံးပြုနေသလို ရှမ်းပြည်ညီနောင်အချင်းချင်း ပြဿနာတွေကို မဖြေရှင်းနိုင်တာ အံ့သြရတယ်လို့ RCSS ကဆိုပါတယ်။

နှစ်ဘက် စစ်ရေးပြဿနာကိုဖြေရှင်းဖို့ SSPP/SSA ဥက္ကဋ္ဌထံ စာရေး အကြောင်းကြားခဲ့ပေမယ့်လည်း အကြောင်းမပြန်သေးဘူးလို့ RCSS က ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

SSPP ကတော့ လက်ရှိ နှစ်ဖက်တိုက်ပွဲတွေဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း RCSS က မိမိတို့ရဲ့ အုပ်ချုပ်ရေး နယ်မြေတွေကို ၀င်ရောက်လာခဲ့တာကြောင့်ဖြစ်ပြီး အဲဒီပဋိပက္ခတွေ ပြေလည်အောင် အကြိမ်ကြိမ် ညှိနှိုင်းခဲ့ပေမယ့် RCSS ဘက်က သဘောတူညီချက်တွေကို ပျက်ကွက်ပြီး အမာခံလူတွေကို ဖမ်းဆီးတာနဲ့ သတ်ဖြတ်တာတွေ လုပ်ခဲ့တယ်လို့ မနေ့ကထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်တပ်က သူတို့ကို ကူညီနေတယ်ဆိုတာလည်း မဟုတ်ဘဲ ပြဿနာတွေအတွက် ဆွေးနွေးဖို့ RCSS ရဲ့ အကြောင်းကြားမှုကိုလည်း ပြန်လည်အကြောင်းပြန်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ပြဿနာပြေလည်ရေးအတွက် ဆွေးနွေးမှုကိုကြိုဆိုပေမယ့် နယ်မြေကန့်သတ်ချက်တွေအပေါ် အခြေခံ ဆွေးနွေးနေမယ်ဆိုရင်တော့ အဆင်မပြေနိုင်တာကြောင့် ကန့်သတ်မှုမရှိတဲ့ ဆွေးနွေးမှု ဖြစ်ဖို့လိုတယ်လို့ RCSS ပြောခွင့်ရ ဗိုလ်မှူး ခမ်းစံက RFA ကိုပြောပါတယ်။

နှစ်ချီနေတဲ့ ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ကို တိုက်ပွဲတွေ ရပ်တန့်ဖို့ ဒေသခံတွေက တောင်းဆိုမှုတွေ ရှိလာချိန်မှာပဲ နှစ်ဖက်တပ်တွေ အခုလိုကြေညာချက်တွေ ထုတ်ပြန်လာတာဖြစ်ပေမယ့် ဒီနေ့အထိတော့ နှစ်ဖက်တပ်တွေ စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ်ထဲမှာ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ရဲ့ တိုက်ပွဲတွေကြောင့် တောင်ပိုင်း မိုင်းကိုင်မြို့နယ်ထဲမှာ စစ်ဘေးဒုက္ခသည် သုံးထောင်ကျော်ရှိနေပြီး မြောက်ပိုင်းက ကျောက်မဲနဲ့ သီပေါမြို့တွေမှာလည်း ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် နှစ်ထောင်နီးပါးအထိ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။