SSPP တပ်သားတစ်ဦး အသတ်ခံရပြီး သုံးဦးအဖမ်းခံရ
2023.05.24

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တပ်သားတစ်ဦးကို စစ်ကောင်စီ တပ်က ပစ်သတ်ပြီး သုံးဦးကို ဖမ်းဆီးသွားတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/ SSA သတင်းနဲ့ပြန်ကြားရေး ဗိုလ်ကြီး သီဟရာဇာက RFA ကို ပြောပါတယ်။
"ဝ" ပြည်နယ် ပန်ဆန်းဘက်မှာ ရှိတဲ့ SSPP/ SSA တပ်ရင်း တစ်ခုက တပ်သား လေးဦးဟာ မေလ ၁၉ ရက်နေ့က တောထဲ ဟင်းစားရှာတဲ့အချိန် စစ်တပ်နဲ့ ထိပ်တိုက်တွေ့ခဲ့ရာမှာ တစ်ဦး ပစ်ခတ်သတ်ဖြတ်ခံရပြီး သုံးဦး ဖမ်းဆီးခံခဲ့ရတာလို့ သူကပြောပါတယ်။
စစ်ကောင်စီရဲ့ ဘယ်တပ်ရင်း တပ်ဖွဲ့က ပစ်ခတ်၊ ဖမ်းဆီးသွားတယ်ဆိုတာကို အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဦးခွန်သိမ်းမောင်ကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိသေးပါဘူး။
ဒီအခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ RFA က ထပ်မံဆက်သွယ်စုံစမ်းနေဆဲဖြစ်ပြီး လတ်တလောမှာ အတည်မပြုနိုင်သေးပါဘူး။
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/ SSA တပ်ဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့က စစ်ကောင်စီနဲ့ သုံးကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။