ဖားကန့် နွံကန်ပြိုကျမှုမှာ ပျောက်ဆုံးသူ ၁၅ ဦးကျန်ပေမယ့် အန္တရာယ်ကြောင့် ရှာဖွေမှုရပ်ဆိုင်း

RFA Burmese
2024.03.13
ဖားကန့် နွံကန်ပြိုကျမှုမှာ ပျောက်ဆုံးသူ ၁၅ ဦးကျန်ပေမယ့် အန္တရာယ်ကြောင့် ရှာဖွေမှုရပ်ဆိုင်း ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မနမော်ကျောက်စိမ်းလုပ်ကွက် နွံကန်ပြိုကျမှုအတွင်း ကယ်ဆယ်ရေးလုပ်ဆောင်ပေးသူများအား ၂၀၂၄ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် တွေ့ရစဉ်။
Citizen Journalist

ကချင်ပြည်နယ်၊ ဖားကန့်မြို့‌နယ်၊ အေးမြသာယာအုပ်စု မနရွာ ကျောက်စိမ်းလုပ်ကွက်မှာဖြစ်ခဲ့တဲ့ နွံကန်ပြိုကျမှုအတွင်း သေဆုံးသူနှစ်ဦးသာ အလောင်းပြန်တွေ့သေးပေမယ့် မတ်လ ၁၃ ရက်နေ့မှာတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေအားလုံး ရပ်ဆိုင်းလိုက်ပြီလို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

နွံကန်ဟာ အနက်ပေတစ်ရာခန့်ရှိပြီး ပျောက်ဆုံးနေသူတွေကိုရှာဖွေဖို့ အခက်အခဲရှိသလို အသက်အန္တရာယ်လည်းရှိတာကြောင့် ရှာဖွေရေးလုပ်ငန်းကို အပြီးရပ်ဆိုင်းလိုက်တာလို့ ကူညီကယ်ဆယ်ပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

"မနေ့ညနေ ၅ နာရီကျောက်လောက်က တစ်လောင်းထပ်ရထားတယ်။ ဒီနေ့တော့ ရှာဖွေရေးကိုရပ်လိုက်ပြီ။ နွံထဲက ပေတစ်ရာလောက်ရှိတာဆိုတော့ ရှာလို့မရဖြစ်တာပေါ့။ မြေတူးယာဉ် (Backhoe) နဲ့အတူ နွံထဲ မြုပ်သွားတာဆိုတော့ ရှာဖို့ကလည်းခက်တယ်။ (backhoe) တောင် ရှာမရတော့ဘူး နွံက ရုန်းလေနစ်လေဆိုတော့"

နွံကန်ပြိုကျမှုအတွင်း ဦးချိုကျောက်စိမ်းတူဖော်ရေးကုမ္ပဏီက ဝန်ထမ်း ၂၁ ဦးပါသွားခဲ့ပေမယ့် ရုပ်အလောင်း နှစ်လောင်းနဲ့ အသက်ရှင်လျက် လေးဦးကို မတ်လ ၁၂ ရက်နေ့မနေ့က ရှာဖွေနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အသက်ရှင်ကျန်ရစ်သူ လေးဦးကတော့ ဖားကန့်မြို့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေပြီး စိုးရိမ်စရာမရှိတော့ဘူးလို့ ကူညီကယ်ဆေးပေးနေသူတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

RFA က ပြုစုထားတဲ့စာရင်းအရ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း ဖားကန့်မြို့နယ်မှာ မြေပြိုမှု ဆယ်ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး သေဆုံးသူ ခြောက်ရာနီးပါး ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။