မုန်တိုင်းတိုက်ခတ်၊ မိုးသီးကြွေ လူ ၅ ဦးသေ၊ အိမ် ၅၀၀၀ ပျက်စီး


2016.04.23
hails-620.jpg မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်မှာ ဧပြီလ ၂၂ ရက်နေ့က မိုးသီးများကြွေကျထားသည်ကို တွေ့ရစဉ်
Photo: ဦးစိုးမြင့် (အမရပူရမြို့နယ်)

စစ်ကိုင်း၊ မန္တလေး နဲ့ ရှမ်းပြည်နယ်တို့မှာ မနေ့က လေပြင်းတိုက်ခတ်ပြီး မိုးသီးတွေ ကြွေကျခဲ့တာကြောင့် အိမ်ခြေ ငါးထောင်နီးပါး ပျက်စီးခဲ့သလို လူ ငါးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီးက မြို့နယ် ၅ ခုမှာ နေအိမ် ပျက်စီးမှုတွေရှိပြီး ကျောက်ဆည်မြို့နယ် ရေသရောက်ကျေးရွာ မှာဆိုရင် သေဆုံးသူ ငါးဦးရှိသလို ပျောက်ဆုံးသူ တစ်ဦးရှိတယ်လို့ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး မွေးမြူရေး နဲ့ ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း က ပြောပါတယ်။

"အဓိကများတာကတော့ စဉ့်ကိုင်မြို့နယ် ကံကြီးရွာ၊ မိုးသီးတွေက ထန်းသီးလုံးလောက်ရှိပါတယ်၊ ခုချိန် ထိ မိုးသီးတွေခဲနေတာ မပျောက်သေးပါဘူး၊ အိမ်အမိုးတွေလည်း အကုန်ပျက်စီးသွားပါတယ်၊  နောက် တစ်ခုက ကျောက်ဆည်မြို့နယ် ရေသရောက်ကျေးရွာက မိုးတွေရွာလို့ ပျက်စီးတဲ့အပြင် လူလေးယောက် သေပါတယ်၊ နှစ်ယောက်ပျောက်ဆုံးနေပါတယ်၊ သူတို့ကတော့ ရွာပြင်ကို ကျွဲကျောင်း နွားကျောင်းသွားနေကျတော့ တောင်ကျရေတွေ ကျလာတယ်၊ လေပြင်းတွေတိုက်လာတယ်၊ မနေ့ကဖြစ်တာ ဒီနေ့ထိပြန်မရောက်လာဘူးဆိုတော့ လူအရှင်တွေ့ဖို့ကတော့ သိပ်မလွယ်ဘူးထင် ပါတယ်၊ တစ်ယောက်ကတော့ ပြန်တွေ့ပါ တယ်၊ အသေပဲတွေ့တာပါ၊ ငါးယောက်သေပဲပြောရမှာပါ"

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး ရေဦး၊ အရာတော်နဲ့ မြင်းမူမြို့နယ်တို့မှာလည်း အိမ်ခြေ နှစ်ထောင်နီးပါး ပျက်စီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ဧပြီလ ၂၁ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ကလေးမြို့နယ်နဲ့ မုံရွာမြို့နယ်တွေမှာ လေပြင်းတိုက်ခတ် မှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ပြီး မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာလည်း လျှပ်စစ်ဓာတ်အားခွဲရုံတွေနဲ့ လူနေ အိမ်ခြေတချို့ ပျက်စီးခဲ့ပါတယ်။

လေပြင်းတိုက်တာ၊ မိုးသီးကြွေတာ၊ မိုးကြိုးပစ်တာ၊ အချိန်အခါမဟုတ် မိုးရွာတာတွေဟာ တိုင်းဒေသကြီး နဲ့ ပြည်နယ် ၁၂ ခုမှာ အခုရက်ပိုင်းအတွင်း ဆက်လက်ဖြစ်ပေါ်နိုင်တဲ့အတွက် သတိထားနေထိုင်ကြဖို့ မိုးလေဝသနဲ့ ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင် က သတိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။