ဗကသကျောင်းသားအဖွဲ့ဝင် ကိုလင်းထက်နိုင်ကို အင်းစိန်ထောင်မှာ ထိန်းသိမ်း
2015.11.04

မနေ့က ဖမ်းဆီးခံလိုက်ရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)အဖဲ့ွဝင် ကိုလင်းထက်နိုင်ကို ကမာရွတ်မြို့နယ်တရားရုံးမှာ ဒီနေ့ ရုံးထုတ်ပြီး အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင်လိုက်ပါတယ်။
ကိုလင်းထက်နိုင်ဟာ ဗကသ ဥက္ကဌ ကိုကျော်ကိုကိုနဲ့ အမှုတွဲမှာ ပါတာဖြစ်ပြီး မနက်ဖြန်မှာ ရုံးထုတ်ရှိသေးတယ်လို့ ကိုလင်းထက်နိုင်ရဲ့ မိခင် ဒေါ်ကြီးမြင့် က ပြောပါတယ်။
"သူကတော့ ကျော်ကိုကိုတို့ ပိုပိုတို့နဲ့ အတူတူပဲပေါ့နော်၊ သူတို့နဲ့ ပုဒ်မတူတယ်၊ နောက်ပြီးတော့ ပုဒ်မ ၁၈ ကို ကိုထက်ခိုင်စိုးနဲ့ ကိုလင်းထက်နိုင်တို့ကို ၁၁ ရက်နေ့မှာ ပုဒ်မ ၁၈နဲ့ ပြန်ပြီးစွဲထားတာရှိတယ်၊ ၁၁ ရက်နေ့ကို ရုံးထုတ်တစ်ခုရှိတာပေါ့နော်၊ နက်ဖြန်တောင် ရုံးထုတ်ရှိတယ်၊ ပိုပိုရယ်၊ ကျော်ကိုကိုရယ်၊ ကိုနန္ဒစစ်အောင်ရယ်၊ ကိုလင်းထက်နိုင်ရယ်"
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့အတွက် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစပြီး ဗကသအဖွဲ့ဝင်တွေ ဆန္ဒပြခဲ့တာကြောင့် ကိုကျော်ကိုကို၊ ကိုလင်းထက်နိုင်၊ ကိုမြတ်သူအောင်၊ ကိုရဲရင့်ကျော်၊ ကိုထက်ခိုင်စိုးနဲ့ ကိုနန္ဒစစ်အောင်တို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ဥပဒေမဲ့အစုအဖွဲ့မှာ ပါဝင်မှု၊ တရားမဝင်စီတန်း လှည့်လည်မှု စတဲ့ ပုဒ်မ ၅ခုနဲ့ အမှုဖွင့်ပြီး ဖမ်းဝရမ်းထုတ်ထားတာဖြစ်ပါတယ်။
သူဟာ ထွက်ပြေးလွတ်မြောက်နေတာဖြစ်ပြီး အဲဒီထဲက ကိုကျော်ကိုကို ကို ပြီးခဲ့တဲ့ရက်ပိုင်း ဖမ်းဆီးခဲ့ပြီး ကိုလင်းထက်နိုင်ကို မနေ့က ရွှေပြည်သာမြို့နယ်ကို သွားတဲ့ ဘတ်စ်ကားပေါ်မှာ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။