ဒီနှစ်အတွက် ကျောင်းအပ်နှံသူ ခြောက်သန်းကျော်ရှိကြောင်း စစ်ကောင်စီပြော
2024.06.02

Updated 4:36 PM Jun 2, 2024
စစ်ကောင်စီရဲ့ မြန်မာ့အလင်းသတင်းစာမှာ ဇွန်လ ၂ ရက်နေ့ ဖော်ပြချက်အရ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် နိုင်ငံတစ်ဝန်းကကျောင်းတွေမှာ ကျောင်းအပ်နှံသူ ခြောက်သန်းကျော် (၆.၂ သန်းကျော်) ရှိနေပါတယ်။
ဒါဟာ အခြေခံပညာဦးစီးဌာနအောက်မှာရှိတဲ့ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းတို့မှာ မေလ ၂၃ ရက်နေ့ကနေ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံသူစာရင်းကို ကောက်ယူထားတာဖြစ်ပြီး ခြောက်သန်းကျော် (၆,၂၇၆,၆၉၁ ဦး) ရှိခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ပညာရေးကို သပိတ်မှောက်ခဲ့ပေမဲ့ ကာလကြာလာတာကြောင့် သားသမီးပညာရေးအတွက် အစိုးရကျောင်းကိုပဲ အပ်နှံလိုက်ရတာလို့ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံ ကျောင်းသားမိဘတစ်ဦးက RFA ကိုပြောပါတယ်။
"ဒီနှစ်မှမထားရင် ကလေးက ရှစ်နှစ်ကျော်ဖြစ်နေပြီ၊ သူငယ်တန်းတောင် မတက်ရသေးဘူးဖြစ်နေတာ။ ဒါကြောင့်မိုလို့ ထားလိုက်ရတယ်။ ကျွန်မတို့ အနေအထားအရလည်း ပုဂ္ဂလိကကျောင်းတွေ မအပ်နိုင်တော့ အစိုးရကျောင်းပဲ ပြေးရတာပေါ့နော်"
ပညာရေးတက်ကြွလှုပ်ရှားသူတွေနဲ့ CDM ပညာရေးဝန်ထမ်းတွေကတော့ စီးပွားရေးအဆင်မပြေတဲ့ ပြည်သူတွေအတွက် ကျောင်းစရိတ်သက်သာတဲ့ စစ်ကောင်စီပညာရေးဟာ ရွေးချယ်စရာတစ်ခု ဖြစ်လာတာကြောင့် ကျောင်းအပ်နှံသူ ပိုများလာတာလို့ ပြောကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်က နိုင်ငံတစ်ဝန်းမှာ ကျောင်းအပ်နှံသူ ခြောက်သန်းခွဲနီးပါး (၆,၄၇၃,၃၅၀ ဦး) ရှိခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။
(မှတ်ချက် - ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံသူဦးရေအစား ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံသူဦးရေကို ပြောင်းလဲထားပါသည်။)