ဖမ်းဆီးခံကျောင်းသားတွေလွတ်မြောက်ရေး ဝန်ကြီးချုပ်နဲ့ တွေ့ခွင့်ရဖို့ တောင်းဆို
2019.01.23

ကျောင်းတွင်းလုံခြုံရေးနဲ့ ကျောင်းသန့်ရှင်းရေးဝန်ထမ်း တိုးမြင့်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့တဲ့အတွက် ရတနာပုံတက္ကသိုလ်က ကျောင်းသား ၇ ဦးကို ဖမ်းဆီးတရားစွဲဆိုထားတာနဲ့ ပတ်သက်လို့ မန္တလေးတိုင်း ဝန်ကြီးချုပ် နဲ့ တွေ့ဆုံခွင့်ရဖို့ တက္ကသိုလ်ကျောင်းပေါင်းစုံက ကျောင်းသားတွေဟာ အစိုးရရုံးမှာ ဒီနေ့ လာရောက်တောင်းဆိုကြပါတယ်။
ဖမ်းဆီးခံကျောင်းသား ၇ ဦးကို အမရပူရမြို့နယ် တရားရုံးမှာ ဒီနေ့ ဒုတိယအကြိမ် ရုံးထုတ် စစ်ဆေးမှုအပြီး မန္တလေးတိုင်း အစိုးရရုံးရှေ့ကို ကျောင်းသားတွေက အခုလို လာရောက်တောင်းဆိုကြတာဖြစ်ပါတယ်။
အဲဒီလို အစိုးရအဖွဲ့ရုံးမှာ လာရောက်တွေ့ဆုံခဲ့တဲ့ ကျောင်းသားတွေကို ရဲတပ်ဖွဲ့တွေက တားမြစ်ခဲ့ပြီး ဒီနေ့ ညနေ ၄ နာရီကျော် အချိန်အထိ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခွင့်မရသေးပါဘူး။
မနက်ဖြန် မနက်ပိုင်းမှာတော့ ဝန်ကြီးတချို့နဲ့ ကျောင်းသား ၅ ဦးတို့ အစိုးရရုံးမှာ တွေ့ဆုံခွင့်ရမှာဖြစ်တယ်လို့ အခု ညနေ ၇ နာရီအချိန်မှာ ကတိစကားရခဲ့တယ်လို့ ကျောင်းသားတွေက ပြောပါတယ်။
တာဝန်ရှိသူ မန္တလေးတိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးခွင့် ခက်ခဲတာနဲ့ပတ်သက်လို့ မိတ္ထီလာ တက္ကသိုလ်က ကိုမင်းထက်မြတ်က အခုလို ပြောပါတယ်။
"ဝမ်းနည်းတယ်၊ ဝန်ကြီးနဲ့ တွေ့ခွင့်ရချင်တယ်။ နှစ်ဖက်ပြေပြေလည်ပြောရမှာ၊ ၁၂ နာရီကတည်းက ရောက်တယ်။ ဝန်ကြီးချုပ်မရှိတာ ဘာလို့မပြောလဲ၊ ဝင်ခွင့်မပေးဘူး။ ဒီနေရာမှာ ထိုင်ခွင့်မပေးဘူး။ နှစ်ဖက်ရုံးရင်းဆန်ခတ်နဲ့ ရဲတားတယ်ဆိုတာက လုံးဝမဖြစ်သင့်တဲ့ အခြေအနေပဲ"
ကျောင်းသားတွေဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတစ်လလုံး ကျောင်းတွင်းမှာ ဆန္ဒပြတာ၊ ကျောင်းပြင်ပမှာ ဆန္ဒပြတာ စတဲ့ နည်းလမ်းတွေနဲ့တောင်းဆိုခဲ့ကြပြီး မန္တလေးတိုင်း အစိုးရအဖွဲ့ တာဝန်ရှိသူနဲ့ ရတနာပုံ တက္ကသိုလ် ပါမောက္ခတို့ရဲ့ ဓာတ်ပုံကို မီးရှို့ပြီး ဆန္ဒပြခဲ့ရာမှာတော့ ကျောင်းသားတွေဟာ ပုဒ်မ ၄ ခုနဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။
အခုလို တရားစွဲဆိုမှုတွေနဲ့ ပတ်သက်လို့ တရားရုံးကို ဘာမှပြန်ဖြေရှင်းမှာ မဟုတ်ဘူးလို့ တရားစွဲဆိုခံ ရတနာပုံတက္ကသိုလ် ကျောင်းသား ကိုရဲမျိုးဆွေက ပြောပါတယ်။
"တရားရုံးကို ဘာမှဖြေရှင်းမှာ မဟုတ်ဘူး။ သူ့ဘာသာ ဘယ်လောက်ပဲချချ ဘယ်လောက်ပဲစွဲစွဲ ပြန်ပြီးဖြေရှင်းမှာ မဟုတ်ဘူး"
ရတနာပုံတက္ကသိုလ် ကျောင်းသား ၇ ယောက်ဟာ မီးရှို့မှု၊ ငြိမ်းစုစီ ဥပဒေ၊ အားပေးအားမြှောက်မှုနဲ့ အကြည်ညိုပျက်စေမှုဆိုတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်ဖမ်းဆီးခံခဲ့ရပြီး အိုဘို အကျဉ်းထောင်အတွင်းကနေ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။
တက်ရောက်ပညာသင်ကြားနေတဲ့ ကျောင်းမှာ ဆန္ဒထုတ်ဖော်လို့ တရားစွဲဆိုခံနေရတာနဲ့ ပတ်သက်လို့ ကိုရဲမျိုးဆွေရဲ့ မိဘဖြစ်တဲ့ ဦးမြင့်ဆွေက အခုလို ပြောပါတယ်။
"ကျနော်အမြင်ကတော့ ကျောင်းသားတွေလုပ်တာ မှန်တယ်။ တောင်းဆိုချက်က တစ်ချီမဟုတ်ဘူး။ သုံးလေးလ တောင်းဆိုတာကို အကြောင်းပြန်တာမရှိဘူး။ အများအတွက်လုပ်တာ။ လုပ်သင့်ပါတယ်"
ဖမ်းဆီးခံကျောင်းသားတွေ ပြန်လွှတ်ပေးဖို့ အပါအဝင် ကျောင်းလုံခြုံရေးကိစ္စတွေကို မန္တလေးတိုင်း ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရဖို့အတွက် အစိုးရအဖွဲ့ရုံးရှေ့မှာ ဆက်လက်စောင့်ဆိုင်းပြီး တောင်းဆိုသွားမှာဖြစ်တယ်လို့ သိရပါတယ်။
အခုလို တောင်းဆိုမှုကို ရတနာပုံတက္ကသိုလ်၊ မြင်းခြံတက္ကသိုလ်၊ ပြည်တက္ကသိုလ်၊ မိတ္ထီလာ တက္ကသိုလ်၊ စစ်ကိုင်းတက္ကသိုလ်နဲ့ လာရှိုး နည်းပညာတက္ကသိုလ်က ကျောင်းသားတွေလည်း ပါဝင်ပြီး ယနေ့ ညနေ ၄ နာရီခွဲအချိန်ထိ တိုင်းအစိုးရအဖွဲ့ရုံးရှေ့မှာ စောင့်ဆိုင်းနေကြဆဲဖြစ်ပါတယ်။
နောက်တစ်ပတ်ရုံးချိန်းကိုတော့ လာမယ့် ၃၀ ရက်နေ့ကို ချိန်းဆိုထားပါတယ်။
RFA သတင်းထောက် မခေမဏီဝင်းနဲ့ မသက်စုအောင် က ပေးပို့ထားတာပါ။