ကျောင်းသား သပိတ် စစ်ကြောင်း မြင်းခြံမြို့ ကို ရောက်ရှိ
2015.01.25

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြကြတဲ့ကျောင်းသား သပိတ်စစ်ကြောင်း ဟာ နွားထိုးကြီးမြို့ကနေ ဆက်လက်ထွက်ခွာလာတဲ့ မြင်းခြံမြို့ကို ဒီကနေ့ ညနေ ၅ နာရီခွဲကျော်က ရောက်ရှိလာတာမှာ မြင်းခြံနည်းပညာ တက္ကသိုလ်ကျောင်းသားတွေနဲ့ မြို့လူထုပါလာရောက်ပူးပေါင်းတယ်လို့ သိရပါတယ်။
နွားထိုးကြီးကထွက်လာစဉ် လူ၂၀၀ခန့်သာပါပေမဲ့မြင်းခြံမြို့အဝင်မှာ လူ၂ ထောင်ကျော် ခန့်ရှိတယ်လို့သိရပါတယ်။ သပိတ်စစ်ကြောင်းမှာပါဝင်လာတဲ့ ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ပြောခွင့်ရှိသူ ကိုမင်းသွေးသစ် က ပြောပါတယ်။
"မြင်းခြံ နည်းပညာတက္ကသိုလ်က ကျောင်းသားအင်အား ၃၀၀ ကျော်လာပေါင်းတယ် ခင်ဗျ၊ အခုပဲ အထကကျောင်းတွေပါပါတယ်၊ မြင်းခြံနဲ့ နွားထိုးကြီး မြို့နယ်ကြားမှာရှိ နေတဲ့ အထက ကျောင်းသားတွေ အားလုံး အငယ်တန်းပေါ့လေ၊ ၆ တန်း၊ ၇တန်း၊ ဂ တန်း၊ ၉ တန်း၊ ၁ဝ တန်းပေါ့၊ အဲ့အရွယ်တွေကအစ မိဘတွေကိုယ်တိုင်လွှတ်ပြီးတော့ ကျနော်တို့နဲ့ သပိတ်စစ်ကြောင်းအတိုင်းလိုက်လာတာ မြင်းခြံရောက်တဲ့ အထိပါပဲ၊ လူတန်းကတော့အရှည်ကြီးပဲခင်ဗျ၊ ကျနော်ထင်တာ အင်အားကတော့ ၂၀၀၀၊ ၂၅၀၀ လောက်ရှိပါပြီ"
အစီအစဉ်အရ မြင်းခြံမြို့မှာ တစ်ညအိပ်ပြီး ဇန်နဝါရီလ၂၆ရက်နေ့ တစ်ရက်နားဖို့ ရှိပေမယ့် ဒီအစီအစဉ်ကို ဖျက်သိမ်း လိုက်ပြီး ၂၆ရက်နေ့ မနက်မှာမြင်းခြံမြို့ ကနေ ပြန်လည်ထွက်ခွာမယ်လို့ သိရပါတယ်။
ထွက်ခွာမယ့်လမ်းကြောင်းအနက် ပြည်မြို့လမ်းနဲ့ တောင်သာမြို့ လမ်းနှစ်ကြောင်း အနက် ဘယ်လမ်းကိုရွေးမယ်ဆိုတာ ဒီကနေ့ညမှ ဆုံးဖြတ်မယ်ဖြစ်တယ်လို့ ကိုမင်းသွေးသစ် ကပြောပါတယ်။
နွားထိုးကြီးမြို့ကနေ မြင်းခြံမြို့ကို လမ်းလျှောက်ဆန္ဒပြရာမှာ ချောက်မြို့နယ် ရဟန်းပျိုများသမဂ္ဂအဖဲ့ွက သံဃာ ၈ ပါး ကလည်း ပါဝင်ဆန္ဒပြကြပါတယ်။
သံဃာတော်တွေက ကျောင်းသား ကျောင်းသူတွေနဲ့အတူ ရှိတယ်ဆိုတာကို ဖော်ပြလိုက်တာပဲဖြစ်တယ်လို့ လမ်းလျှောက်ဆန္ဒပြရာမှာ ပါဝင်တဲ့ ဗကသ ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ပြောပါတယ်။
" ကျနော်တို့နဲ့ အတူချီတက်နေပါတယ်ခင်ဗျာ၊ ရဟန်းပျိုများသမ္မဂ ကပါ၊ စကားပြောရင် တောင်မှ ရဟန်း ရှင်လူ၊ ကျောင်းသားပြည်သူများ ခင်ဗျာဆိုပြီး၊ ပြောခဲ့သလို ဒီသံဃာတော် တွေဆိုတာ ကျနော်တို့ နဲ့ ကောျင်းသားနဲ့ အမြဲတမ်းနားလည်မှုရှိရှိနဲ့ တွဲဖက်ပြီးတော့ နိုင်ငံအရေးကိစ္စတွေ လုပ်ခဲ့တာဆိုတော့ ဒီသံဃာတွေကလည်း နိုင်ငံအတွက် ပညာဟာ အရေးကြီးတယ်ဆိုတာ ထောက်ခံတယ်ဆိုတာကို ဖော်ပြ လိုက်တာပါပဲ"
မြင်းခြံမြို့အဝင်မှာ ဆန္ဒပြကျောင်းသား ကျောင်းသူတွေကို မြို့နယ်ရဲမှူး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနဲ့ ဥပဒေ အရာရှိတို့က စီတန်းလှည့်လည်ဆန္ဒပြ ခွင့်တင်ဖို့ ပြောကြားခဲ့ပါတယ်။
မန္တလေးမြို့က ကျောင်းသား၊ ကျောင်းသူ ၁၀၀ ကျော်ပါဝင်တဲ့ ဆန္ဒပြအဖဲ့ွဟာ ဒီနေ့ည မြင်းခြံမြို့မှာ ညအိပ်ရပ်နား မှာဖြစ်ပါတယ်။
ဒီလ ၂ဝ ရက်နေ့ကစပြီး မန္တလေး၊ ထားဝယ် နဲ့ ပခုက္ကူမြို့က ကျောင်းသား ကျောင်းသူ တွေဟာ အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်ကြောင်း လမ်းလျှောက် ဆန္ဒပြနေကြတာဖြစ်ပါတယ်။