ကျောင်းသားတွေ ရွှေတောင်ကို ခရီးဆက်မည်
2015.02.10

မန္တလေး-ရန်ကုန်ချီတက်နေတဲ့ ကျောင်းသားသပိတ် ပင်မစစ်ကြောင်းဟာ ပြည်မြို့ကနေ ရွှေတောင်မြို့ကို ဒီနေ့မနက် ဆက်လက်ထွက်ခွါမယ်လို့ သိရပါတယ်။
ကျောင်းသားတွေဟာ ၉ ရက်နေ့ညက ပြည်မြို့ ကိုရောက်ပြီး မနေ့က မြို့တွင်းလှည့်လည်ဟောပြော ခဲ့ရတဲ့အတွက် ဒီနေ့မှာမှ ခရီးဆက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီအတောအတွင်းမှာ ကျောင်းသားတွေ တည်းခိုနေတဲ့နေရာကို ပဲခူးတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးနဲ့အဖွဲ့ရောက်လာပြီး ကျောင်း သားခေါင်းဆောင်တွေနဲ့ တွေ့ဆုံသွားတယ်လို့ ဗကသများအဖွဲ့ချုပ် အမှုဆောင်တစ်ဦးဖြစ်တဲ့ ကိုသီဟဝင်းတင်က RFA ကိုပြောပါတယ်။
"ကျနော်တို့ ပြည်မှာအိပ်တယ်ပေါ့နော်၊ လုံးဝရပ်နားတာတော့ မဟုတ်ပါဘူး၊ ပြည်ကနေပြီးတော့ ရွှေတောင်ကို သွားမယ်ပေါ့နော်"
သပိတ်မှောက်ကျောင်းသားတွေကို ပဲခူးတိုင်းအတွင်းမှာ အရေးယူတာ၊ တရားစွဲတာ၊ အကြမ်းဖက် နှိမ်နင်းတာတွေ လုပ်မှာ မဟုတ်ဘူးလို့ တိုင်းဝန်ကြီးနဲ့အဖွဲ့က ပြောသွားတယ်လို့လည်း ဆိုပါတယ်။
မုံရွာနဲ့ ပခုက္ကူကနေ ချောက်နဲ့မကွေးမြို့တွေကို ဖြတ်လာတဲ့ မြေလတ်ဒေသ သပိတ်မှောက်ကျောင်းသားတွေကလည်း မနေ့က ပြည်မြို့ကိုရောက်သွားခဲ့ပါတယ်။
ဒီအတောအတွင်းမှာပဲ ဧရာဝတီတိုင်းမှာ လှည့်လည်ဆန္ဒပြနေတဲ့ ကျောင်းသားသပိတ်စစ်ကြောင်းကတော့ မအူပင်မြို့မှာပဲ ဆက်လက်ရပ်နားနေပြီး၊ ဆွေးနွေးပွဲကို စောင့်ကြည့်နေပါတယ်။
မြန်မာနိုင်ငံတောင်ပိုင်း ထားဝယ်နဲ့ မော်လမြိုင် ကျောင်းသားသပိတ်စစ်ကြောင်းကလဲ မနေ့က မွန်ပြည်နယ် သထုံမြို့ကို ရောက်ရှိခဲ့ပါတယ်။
ဒီနေ့မနက် ၉ နာရီခွဲမှာတော့ အစိုးရ၊ လွှတ်တော်၊ ကျောင်းသားနဲ့ NNER ပညာရေးကွန်ရက်တို့ရဲ့ ၄ ပွင့်ဆိုင်ဆွေးနွေးပွဲကို ရန်ကုန်တိုင်းလွှတ်တော်မှာ ကျင်းပမှာဖြစ်ပါတယ်။ တစ်ဖွဲ့ကို ကိုယ်စားလှယ်အယောက် ၂၀ စီ တက်ရောက်မယ်လို့ သတ်မှတ်ထားပါတယ်။
ဒီမိုကရေစီပညာရေးအတွက် မန္တလေး-ရန်ကုန်ချီတက်နေတဲ့ သပိတ်မှောက်ကျောင်းသားတွေဟာ ဒီနေ့မနက်မှာ ပြည် မြို့ကနေ ရွှေတောင်မြို့ကို ဆက်လက်ချီတက်ကြမှာဖြစ်ပါတယ်။ ကျောင်းသားတွေရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အမှုဆောင်တစ်ဦးဖြစ်တဲ့ ကိုသီဟဝင်းတင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။