မြန်မာပြည် ပြောင်းလဲနိုင်ရေး ဝိုင်းဝန်းကူညီဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
2011.05.04

မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာတာဟာ အပြောင်းအလဲလား၊ အတုအယောင်လားဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ပြောဆိုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲ တက်ရောက်နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) နိုင်ငံခြားရေး ဌာန ကိုယ်စားလှယ် ဦးညိုအုန်းမြင့်က RFA ကို အခုလို ပြောပါတယ်။
“ဗမာပြည်ရဲ့ ဒီမိုကရေစီဟာ တကယ်ပဲ ပြောင်းလဲမှုလား၊ ဒါမှမဟုတ်ရင် လိမ်လည်မှုလား ဆိုတဲ့အပေါ်မှာ သူ့အနေနဲ့ အဲဒီအပေါ်မှာ စိတ်မဝင်စားနိုင်ပါဘူး။ ဒါပေမဲ့ တကယ်လို့ ပြောင်းလဲတယ်ဆိုရင်လည်း အကောင်းဖက်ကို ပြောင်းလဲဖို့ အတွက်ကို အပြည်ပြည်ဆိုင်ရာ အထူးသဖြင့် ဒီ ဂျာမန်အစိုးရကနေပြီးတော့ ပူးပေါင်း ဆောင်ရွက်တာကို သူ့အနေနဲ့ ကျေးဇူးတင်တယ်။ အဲဒီတော့ ဒီလို ပြောင်းလဲနိုင်မှသာလျှင် အကောင်းဖက်ကို ပြောင်းဖို့ အားလုံး ဝိုင်းပြီး ကြိုးစားပါ ဆိုတာ အဓိက သူ့ရဲ့ တင်ပြသွားတဲ့ message လို့ ကျွန်တော် ထင်ပါတယ်။”
ဒီဆွေးနွေးပွဲမှာ အဖွင့်မိန့်ခွန်း ပြောဆိုခဲ့တဲ့ ဂျာမန် လူ့အခွင့်အရေး ကော်မရှင်မင်းကြီးကတော့ မြန်မာနိုင်ငံအပေါ် ထားတဲ့ စီးပွားရေးပိတ်ဆို့မှု သဘောထားနဲ့ ပတ်သက်လို့ ဂျာမနီဘက်က ပြုပြင်ပြောင်းလဲလိုတဲ့ အနေအထားမျိုး ပြောသွားတယ်လို့ ဆွေးနွေးပွဲ တက်ရောက်နေတဲ့ ပြည်ထောင်စု အမျိုးသားကောင်စီ မြန်မာနိုင်ငံရဲ့ ဥရောပကိုယ်စားလှယ် ဦးနွယ်အောင်က ပြောပါတယ်။
ဆွေးနွေးပွဲကို ဂျာမနီအခြေစိုက် Burma Initiative Asiahouse အဖွဲ့နဲ့ မြန်မာပရိုဂျက်-ဘာလင် အဖွဲ့တို့ ပူပေါင်း စီစဉ်တာပါ။ တက်ရောက်ခဲ့ကြသူ မြန်မာကိုယ်စားလှယ်တွေကတော့ ရွေးကောက်ပွဲ ဝင် ချင်းတိုးတက်ရေး ပါတီက ဦးရှင်ထွန်း၊ မြန်မာအီးဂရက်စ် အဖွဲ့ခေါင်းဆောင် ဒေါက်တာ နေဝင်းမောင်၊ Euro-Burma ရုံးက ညွှန်ကြားရေးမှူး ဦးဟန်ညောင်ဝေ၊ ပြည်ပအခြေစိုက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) က နိုင်ငံခြားရေးဌာန ကိုယ်စားလှယ် ဦးညိုအုန်းမြင့်၊ ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ဦးအောင်ဇော်နဲ့ ဘာလင်အခြေစိုက် Burma Project အဖွဲ့ က ဦးခင်မောင်ရင်တို့ ပါဝင်ပါတယ်။