အမျိုးသမီးများ ကွန်ဖရင့်သို့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပေးပို့
2011.05.24

ဒီကွန်ဖရင့်ကို နိုဘယ်ဆုရ အမျိုးသမီးများအဖွဲ့ (Nobel Women’s Initiative ) က ဦးဆောင် ကျင်းပတာ ဖြစ်ပြီး၊ နိုဘယ်ဆုရှင်တွေဖြစ်ကြတဲ့ Jody Williams, Shirin Ebadi, နဲ့ Mairead Maguire တို့ အပါအဝင် ကမ္ဘာ အရပ်ရပ်က အမျိုးသမီးအရေးလှုပ်ရှားသူတွေ၊ တက္ကသိုလ်ပညာရှင်တွေ၊ လုံခြုံမှုရေးရာ ပါရဂူတွေ နဲ့ စီးပွားရေး ကော်ပိုရေးရှင်းကြီးတွေက ဥက္ကဋ္ဌတွေ တက်ရောက်ကြပြီး၊ အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းးဖက်မှုကိစ္စ ပပျောက်ရေး အတွက် မဟာဗျူဟာတွေ ဆွေးနွေးသွားကြမယ်လို့သိရပါတယ်။
အဲဒီနှီးနှောဖလှယ်ပွဲကို ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုနဲ့ နှုတ်ခွန်းဆက်သခဲ့ရာမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဟာ တကမ္ဘာလုံးမှာ ဖြစ်ပေါ်နေတာပါ၊ အခြေခံအားဖြင့် အကြမ်းဖက်မှု အမျိုးမျိုး ရှိပါတယ်၊ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ တခုတည်းသက်သက် မဟုတ်ပဲ စိတ်ဓာတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ဉာဏ်ပညာပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လူ့အဖွဲ့အစည်းရဲ့ ခွဲခြားဆက်ဆံမှု စတာတွေ အားလုံး ပါဝင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဟာ အဲဒီ အခြားအခြားသော အကြမ်းဖက်မှုတွေကနေ အခြေခံလာတာပါ၊ အမျိုးသမီးတဦးကို မတော်မတရား အဓမ္မကျင့်တယ် ဆိုတာ အဆိုးတကာ့ အဆိုးဆုံး အကြမ်းဖက်မှုပါလို့ ပြောဆိုခဲ့ပါတယ်။
ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ အထူးသဖြင့် တိုင်းရင်းသားတွေ နေထိုင်ရာဒေသတွေမှာ လက်နက်ကိုင်တပ်တွေဟာ ငြိမ်းချမ်းစွာ နေလိုကြတဲ့၊ သူတို့ရဲ့ အခြေခံ လူ့အခွင့်အရေးကိုသာ တောင့်တကြတဲ့ တိုင်းရင်းသား အမျိုးသမီးတွေအပေါ် မုဒိမ်းကျင့်မှုကို လက်နက်တခု သဖွယ် ကျင့်သုံးနေကြတယ်လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က မုဒိမ်းမှု တခုစီတိုင်းဟာ ကျမတို့ တိုင်းပြည်ရဲ့ ညီ်ညွတ်ရေးကို ပျက်ပြားစေပါတယ်။ လူထု အချင်းချင်း စိတ်ဝမ်းကွဲစေပါတယ်၊ အမျိုးသမီးနဲ့ အမျိုးုသားတွေအကြား စိတ်ဝမ်းမညီ ဖြစ်စေပါတယ်၊ လက်နက်ကိုင်တပ်တွေနဲ့ ပြည်သူလူထုတွေကြား သဘောမမျှ ဖြစ်စေပါတယ်၊ လူမျိုးစုတွေ တစုနဲ့ တစုကြား ကွဲပြား ဝေးကွာစေပါတယ်၊ ဒါကြောင့် ဒီကိစ္စကို အဆုံးသတ်အောင် လုပ်ရပါမယ်လို့ ပြောဆိုခဲ့ပါတယ်။
အဲဒီ ဗီဒီယို နှုတ်ခွန်းဆက် မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ အကျဉ်းထောင်တွေမှာ အကျဉ်းကျခံနေရတဲ့ အမျိုးသမီးနိုင်ငံရေး အကျဉ်းသားတွေ ရာကျော် ရှိနေသေးကြောင်း ပြောဆိုခဲ့ပါတယ်။