ပိတ်ဆို့မှုတချို့ ဆွစ်ဇာလန် ပြန်ရုပ်မည်
2012.05.09
ဧပြီလအတွင်း ဝန်ကြီးများ အစည်းအဝေးတွေကနေ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်အရ လက်နက်နဲ့တကွ ဖိနှိပ်ရေးမှာ အသုံးပြုနိုင်တဲ့ တခြားပစ္စည်းတွေ ရောင်းချတာကလွဲပြီး၊ ကျန်တဲ့ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းမှာ ဖြစ်တယ်လို့ စီးပွားရေးဆိုင်ရာ အတွင်းဝန်ရုံးက ဗုဒ္ဒဟူးနေ့က ပြောပါတယ်။
မြန်မာနိုင်ငံမှာ အခုလပိုင်းတွေအတွင်း အပြုသဘောဆောင်တဲ့ ဖြစ်ပေါ်ပြောင်းလဲမှုတွေကို ဆွစ်ဇာလန် အစိုးရက ကြိုဆိုပြီး၊ အဲဒီပြုပြင်ပြောင်းလဲမှုတွေကို အားပေးထောက်ခံတဲ့အနေနဲ့ ပိတ်ဆို့မှု တချို့ကို ပြန်လည် ရုပ်သိမ်းဖို့ ရည်ရွယ်ထားပါတယ်လို့ အတွင်းဝန်ရုံး ကြေညာချက်မှာ ဖော်ပြပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ ဒီကနေ့ ကြာသပတေးနေ့မှာ အသက်ဝင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာ့နိုင်ငံရေး အခြေအနေ အဆိုးဘက်ကို ရုတ်တရက် ပြန်ပြောင်းသွားမယ် ဆိုရင်တော့ ပိတ်ဆို့မှု ရုပ်သိမ်းချက်ကို ပြန်လည်ပယ်ဖျက်မယ်လို့ ဆိုပါတယ်။