တပ်မတော်ခေါင်းဆောင်တချို့ကို ဆွစ်ဇာလန် ပိတ်ဆို့အရေးယူ


2018.10.18
minaunghlaing-armyday-622.jpg နေပြည်တော်မှာ ၂၀၁၈ ခုနှစ် မတ်လ ၂၇ ရက်နေ့ကကျင်းပတဲ့ ၇၃ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို တွေ့ရစဉ်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်လို့ သံသယရှိတဲ့အတွက် မြန်မာနိုင်ငံအပေါ် ဆွစ်ဇာလန်နိုင်ငံက ပိတ်ဆို့အရေးယူမှုတွေ ထပ်တိုးလိုက်သလို တပ်မတော် ခေါင်းဆောင်တချို့အပေါ်မှာလည်း တဦးချင်း ပစ်မှတ်ထားပိတ်ဆို့အရေးယူလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံက ဒီလိုအရေးယူလိုက်တဲ့အတွက် မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂ EU က အရေးယူပိတ်ဆို့မှုနဲ့ မူဝါဒတထပ်တည်းကျသွားပါတယ်။

ဒီအရေးယူမှုမှာ စစ်လက်နက်ပစ္စည်းနဲ့ အများပြည်သူကို ဖိနှိပ်ရာမှာသုံးတဲ့ ပစ္စည်း၊ နည်းပညာနဲ့ ဆက်သွယ်ရေးသုံး ကွန်ပျူတာ ဆော့ဖ်ဝဲတွေ ရောင်းချတာတွေ ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက အရာရှိကြီးတွေရဲ့ ဆွစ်ဇာလန် ဘဏ်တွေမှာ အပ်နှံထားတဲ့ ငွေစာရင်းတွေကို သွင်းထုတ်မရအောင် ထိန်းချုပ် လိုက်တာအပါအဝင် ဆွစ်ဇာလန်နိုင်ငံထဲကို ဝင်ရောက်သွားလာခွင့်ကိုလည်း ပိတ်ပင်လိုက်ပါတယ်။

ဒီစာရင်းတွေမှာရှိနေတဲ့ ငွေကြေးအရေအတွက်နဲ့ စီးပွားရေးဆိုင်ရာ အချက်အလက်တွေကို ဆွစ်ဇာလန်အစိုးရရဲ့ စီးပွားရေးဆိုင်ရာ အတွင်းရေးမှူးချုပ်ဆီကို ချက်ချင်းအစီအရင်ခံစာ တင်ရမယ်လို့လည်း ဆွစ်ဇာလန်အစိုးရရဲ့ မနေ့က ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။