မြေယာလျော်ကြေးမပေးလို့ တကောင်း နီကယ်စက်ရုံကို ဆန္ဒပြ
2017.09.22

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် တကောင်း နီကယ်စက်ရုံက စွန့်ပစ်တဲ့ မြေနီတွေကြောင့် ပျက်စီးခဲ့ရတဲ့ မြေယာဧက ၄၅၀ ကျော်အတွက် လျော်ကြေးမပေးသေးလို့ဆိုပြီး စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသ ကြီးက ကျေးရွာ ၄ ခုက တောင်သူ ၁၅၀ လောက်က ဒီကနေ့ စက်ရုံရှေ့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက ဌာနဆိုင်ရာအဖွဲ့တွေ လာရောက်စစ်ဆေးပြီး မြေယာလျော်ကြေးပေးဖို့ ပြောခဲ့ပေမယ့် စက်ရုံကနေ အခုချိန်အထိ လျော်ကြေးမပေးတာကြောင့် အခုလိုဆန္ဒပြရတာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာက တောင်သူ ဦးမြင့်လှိုင်က ပြောပါတယ်။
"၁၂ လပိုင်း ၃ ရက်ကနေပြီးတော့မှ ၅ ရက်၊ ၆ ရက်၊ ၇ ရက်အထိ နေပြည်တော်အဖွဲ့တွေ ကွင်းဆင်း စစ်ဆေး ထားတာပေါ့ဗျာ၊ အဲ့ဒါတွေ လျော်ပေးဖို့ဟာကို မလျော်ပေးသေးတာ။ မရသေးလို့ ၊ အဲ့ဒါမရသေးလို့ လျော်ပေးဖို့ဟာကို မလျော်ပေးသေးလို့။ ကျွန်တော်တို့ အထက်ပိုင်းကိုတော့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က ၂၀၁၂ ခုနှစ် ၁၈ ရက်နေ့မှာ လျော်ပေးဖို့ဟာ အမိန့်စာထွက်ခဲ့တယ်လေ။ ထွက်ခဲ့တာကို နေပြည်တော် အဖွဲ့တွေက ကွင်းဆင်းစစ်ဆေးတာကို လျော်ပေးပါ့မယ်ဆိုပြီး အခုထိ မလျော်ပေးသေးလို့"
တကောင်းနီကယ်စက်ရုံဟာ မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီး ထိစပ်နေတဲ့ နေရာမှာ ရှိတာဖြစ်ပြီး အဲဒီ စက်ရုံက စွန့်ပစ်တဲ့ မြေနီတွေဟာ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်မှာ စိုက်ပျိုးမြေတွေကို ဖုံးလွှမ်းပြီး တိုင်းဒေသ ကြီးနှစ်ခုအတွင်းက မြေဧက ၄၅၀ ကျော် ပျက်စီးကုန်တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလို ပျက်စီးကုန်တဲ့ လယ်ယာမြေတွေအတွက် လက်ရှိအချိန်အထိ လျော်ကြေးမပေးတာကြောင့် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်က မောင်းကုန်းကျေးရွာ၊ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်က အင်းနက်၊ ကျောက်တလုံး နဲ့ သွေးကျောက်ကျေးရွာက တောင်သူတွေက စက်ရုံရှေ့မှာ ဒီကနေ့ ဆန္ဒပြကြတာဖြစ်ပါတယ်။
ဆန္ဒပြသူတွေဟာ တကောင်းနီကယ်စက်ရုံတာဝန်ခံကို ဖြုတ်ချပေးဖို့၊ မြေနီ ဖုံးလွှမ်းမှုကို ဖြေရှင်းပေးဖို့ စတာတွေ ကို တောင်းဆိုခဲ့ကြပါတယ်။
မြေဖုံးလွှမ်းခံရတဲ့ စိုက်ပျိုးမြေတွေအတွက် လျော်ကြေးပေးဖို့ ပြီးခဲ့တဲ့ ဇွန် ၈ ရက်တုန်းကလည်း တောင်သူ ၉၀ ကျော်က ပထမအကြိမ် ဆန္ဒပြခဲ့ကြပါသေးတယ်။