တကောင်းနီကယ်စက်ရုံ အလုပ်သမားတွေ လက်ပတ် စိမ်းတွေဝတ်ပြီး တောင်းဆို
2016.12.19

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် မောင်းကုန်းရွာမှာရှိတဲ့ တကောင်းနီကယ်စက်ရုံအလုပ်သမား ၇၀ ကျော်ဟာ အလုပ်သမားအခွင့်အရေးတွေ ရရှိဖို့အတွက် လုပ်ငန်းခွင်မှာ လက်ပတ်စိမ်းတွေ ပတ်ပြီး တောင်းဆိုနေကြပါတယ်။
စက်ရုံတာဝန်ရှိသူတွေက လက်ပတ်စိမ်းပတ်တာတွေကို မတားမြစ်ပေမယ့် မျက်နှာထားတင်းမာတာတွေတော့ ရှိတယ်လို့ စက်ရုံအလုပ်သမား ကိုတင်မျိုးထွန်း က ပြောပါတယ်။
"လက်ပတ်စိမ်းလှုပ်ရှားမှုက ကျနော်မနေ့ကပြောသလို လက်ပတ်စိမ်း ပတ်နေပါပြီ။ သူတို့က လက်ပတ်စိမ်းဝတ် တဲ့သူတွေ ကုမ္ပဏီထဲမဝင်ရ၊ စက်ရုံထဲမဝင်ရလို့ ပြောတာမရှိပါဘူး။ ဒါပေမဲ့ တချို့လက်ပတ်စိမ်းဝတ်လာတဲ့ အတွက် မျက်နှာထားတင်းတာမျိုးတွေတော့ အဲ့လိုမျိုးရှိတယ်။ ဒါပေမဲ့ လက်ပတ်စိမ်းဝတ်ပြီး မဝင်ခဲ့နဲ့လို့ တရား ဝင်ပြောတာမျိုးတော့ မရှိသေးပါဘူး။ ကျနော်သိရသလောက်ကတော့ ဆင်းနေတဲ့ ဝန်ထမ်း ၇၀ လောက်ကတော့ ပတ်နေပြီခင်ဗျ၊ လက်ပတ်စိမ်းတွေကိုလည်း ကျနော့်ဆီကို ထပ်ပြီးတော့ တောင်းနေတယ်ခင်ဗျ"
တကောင်းနီကယ်စက်ရုံမှာ မြန်မာအလုပ်သမား ၁၆၀၀ နဲ့ တရုတ်နိုင်ငံသားအလုပ်သမား ၄၀၀ လောက် ရှိပါတယ်။ အဲဒီ တရုတ်အလုပ်သမားတွေဟာ တစ်လကို မြန်မာငွေ ကျပ် ၁၅ သိန်းလောက်အထိရရှိကြပြီး မြန်မာအလုပ် သမားတွေက အများဆုံး လစာ ၁ သိန်းခွဲပဲရတယ်လို့ ကိုတင်မျိုးထွန်း က ပြောပါတယ်။ အဲဒါကြောင့် မြန်မာ အလုပ်သမား ၅၀၀ လောက်က လုပ်ခလစာတွေ တိုးပေးဖို့နဲ့ အလုပ်သမားအခွင့်အရေးတွေ တန်းတူရရှိဖို့အတွက် မနေ့က စက်ရုံရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
မနေ့က ဆန္ဒပြပွဲကို ဦးဆောင်ခွင့်ပြုမိန့်တင်ခဲ့တဲ့ စက်ရုံအလုပ်သမား ဦးထွန်းထွန်းဝင်း ကို ဆန္ဒပြပွဲမတိုင်ခင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်နေ့က အလုပ်ကနေ ထုတ်ပယ်ခဲ့ပါတယ်။ အလုပ်ထုတ်ပယ်ခံရတဲ့ ဦးထွန်းထွန်း ကို ပြန်လည်ခန့် အပ်ပေးဖို့အတွက် ထီးချိုင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ မနက်ဖြန် ညှိနှိုင်းဆွေးနွေးကြမှာဖြစ်ပါတယ်။
တကောင်းနီကယ်စက်ရုံဟာ တရုတ်သတ္တုတူးဖော်ရေးကုမ္ပဏီ မြန်မာ CNICO (Myanmar CNMC Nikel ) က လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်မှာ စတင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။