တရားမဝင် ရုပ်သံထုတ်လွှင့်မှုတွေကို ဖြေရှင်းသွားမယ်လို့ ဒုဝန်ကြီး ဦးအောင်လှထွန်းပြော
2019.06.18
ပြည်တွင်းက ထုတ်လွှင့်နေတဲ့ ရုပ်သံလိုင်းတွေကို ထိခိုက်မှုရှိနေတဲ့ တရားမဝင် ဂြိုဟ်တုစလောင်း ရုပ်သံလိုင်းတွေ၊ အွန်လိုင်းတီဗီကိစ္စတွေကို ဥပဒေနဲ့အညီ ဖြေရှင်းဆောင်ရွက်သွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း က ပြောပါတယ်။
နေပြည်တော်က သင်္ဂဟဟိုတယ်မှာ ကျင်းပတဲ့ တရားမဝင်ဂြိုဟ်တုစလောင်း ရုပ်သံလိုင်းတွေ၊ အွန်လိုင်းတီဗီတွေနဲ့ ပတ်သတ်တဲ့ ဆောင်ရွက်နိုင်မယ့်နည်းလမ်းတွေ အဖြေရှာတဲ့ဆွေးနွေးပွဲမှာ သတင်းမီဒီယာတွေကို ပြောခဲ့တာပါ။
မြန်မာနိုင်ငံမှာ တရားမဝင်ဂြိုဟ်တု၊ ရုပ်မြင်သံကြားဖမ်းစက်တွေ သန်းနဲ့ချီရှိနေပြီး အိမ်နီးချင်းထိုင်းနိုင်ငံကနေ အများဆုံးဝင်ရောက်နေသလို နီပေါနိုင်ငံကပင် ဝင်ရောက်တာရှိတယ်လို့ ဦးအောင်လှထွန်းက ပြောပါတယ်။
ရွှေသံလွင် ကုမ္မဏီလီမိတက်၊ အကြီးတန်းအမှုဆောင်ဒါရိုက်တာ ဒေါက်တာသိန်းသန်းဦးက မြန်မာနိုင်ငံကို ဝင်ရောက်နေတဲ့ တရားမဝင်ဂြိုဟ်တုစလောင်း၊ ရုပ်သံဖမ်းစက်ပေါင်း ၆ သန်းခန့်ရှိနိုင်တယ်လို့ ပြောပါတယ်။
အဲဒီလိုဝင်ရောက်လာတဲ့ ဂြိုဟ်တုစလောင်း၊ ရုပ်သံဖမ်းစက်တွေမှာ ပြည်တွင်းက ရုပ်သံလိုင်းတွေရဲ့ ထုတ်လွှင့်မှုတွေပါဝင်တာရှိတဲ့အတွက် ထိခိုက်မှုရှိတယ်လို့လည်း ဒေါက်တာသိန်းသန်းဦးက ပြောပါတယ်။
ပြန်ကြားရေးဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဒီကနေ့ဆွေးနွေးပွဲဟာ အဖြေရှာတာမဟုတ်ပဲ အဖြေကို ဘယ်လိုရှာမလဲဆိုတဲ့နည်းလမ်းကို ရှာဖွေတာသာဖြစ်တယ်လို့အခမ်းအနားအပြီးမှာပြောပါတယ်။
ဒီကနေ့ဆွေးနွေးပွဲကို ပြန်ကြားရေးဝန်ကြီးဌာနအပါအဝင် အစိုးရဌာနအချို့၊ ရွှေသံလွင်မီဒီယာ၊ မြန်မာအသံ၊ မြဝတီနဲ့ Content Provider ရရှိထားတဲ့မီဒီယာ ၅ ခုက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။