ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး ညွှန်ကြားချက်မလိုက်နာသူတွေကို အရေးယူ
2020.04.22
COVID-19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ တားဆီးရေးလုပ်ငန်းတွေမှာ လူစုလူဝေးဖြစ်အောင်လုပ်တဲ့ သူတွေ၊ သတင်းအမှား ဖြန့်ဝေသူတွေနဲ့ ကြပ်မတ်စောင့်ကြည့်မှုကို ငြင်းဆန်သူတွေကို သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မတွေနဲ့ အရေးယူနေပါတယ်။
ဧပြီလ ၂၁ ရက်နေ့အထိ အမှုဖွင့် အရေးယူခဲ့တဲ့ အမှုပေါင်း ၃၀ ကျော် ရှိလာပါတယ်။
COVID-19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးရေး အစိုးရ ညွှန်ကြားချက်တွေကို ချိုးဖောက်တာကြောင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေတွေနဲ့ အရေးယူခံရတဲ့အထဲမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး အရေးယူမှုပေါင်း ၂၀ လောက်ရှိနေပါတယ်။
ဧပြီလ ၂၁ ရက်နေ့အထိ စစ်ကိုင်းတိုင်းမှာ အရေးယူထားတဲ့ထဲက အမှု ၁၈ မှုကို ပြစ်ဒဏ်ချမှတ်ခဲ့တဲ့အပြင် အရေးယူဆောင်ရွက်နေတဲ့ အမှုတွေလည်းရှိနေပါတယ်။
အမိန့်ချခဲ့တဲ့ ၁၈ မှုမှာ သဘာဝဘေးနဲ့ ဆက်စပ်အမှုတွေ ပါဝင်တယ်လို့ စစ်ကိုင်းတိုင်း ဥပဒေချုပ် ဦးခင်မောင်လှက ပြောပါတယ်။
“ဒီနေ့အချိန်အထိရတာ ၁၈ မှုရှိတယ် သုံးမှုက သဘာဝဘေးနဲ့စွဲတာ မဟုတ်ဘူး၊ တစ်မှုက ရာဇဝတ်ဥပဒေပုဒ်မ ၁၈၈ နဲ့ တစ်မှု လဝက နဲ့စွဲတာ၊ နှစ်မှု အဲဒါတွေကို ငွေဒဏ်ချလိုက်တယ်။ လောလောဆယ် သဘာဝဘေးနဲ့တဲ့၊ လက်ကျန်အမှုတွေ မသိရသေးဘူး၊ ထပ်ပြီးတော့ ကူးစက်နဲ့ စွဲထားတာတွေလည်း ရှိသေးတယ်”
ကိုရိုနာဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေး အစိုးရက လူစုလူဝေးမလုပ်ဖို့၊ သတင်းမှားတွေ မဖြန့်ဝေကြဖို့၊ မလိုအပ်ဘဲ အပြင်မထွက်ကြဖို့နဲ့ ကြပ်မတ်စောင့်ကြည့်တာတွေကို လုပ်ဆောင်နေရာမှာ မလိုက်နာသူတွေကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေတွေနဲ့ အရေးယူနေပါတယ်။ အဲဒီလို အရေးယူထားတဲ့အမှုပေါင်း တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ဆိုရင် အမှုပေါင်း ၃၀ ကျော်အထိ ရှိနေပါတယ်။
လူစုလူဝေးဖြစ်စေမှုနဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၀ (က) နဲ့ တရားစွဲထားတဲ့ထဲမှာ စစ်ကိုင်း တိုင်းဒေသကြီး တမူးမြို့နယ်မှာ မင်္ဂလာပွဲကျင်းပတဲ့ သတို့သား၊ ရန်ကုန်တိုင်း တောင်ဒဂုံ စက်မှုဇုန်မှာ အလုပ် သမားဆန္ဒပြပွဲ ဦးဆောင်သူ ခုနှစ်ဦးနဲ့ အင်းစိန်မြို့နယ်မှာ ဘာသာရေး ဆုတောင်းပွဲကျင်းပဖို့ ဦးဆောင်သူ လေးဦး စုစုပေါင်း ၁၂ ဦး ပါဝင်ပါတယ်။
အင်းစိန်မြို့နယ်မှာ ဘာသာရေး ဆုတောင်းပွဲကျင်းပခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတဲ့ ခရစ်ယန်သင်းအုပ် ဆရာ၊ အမှုတော်ဆောင်နဲ့ တရားဟောဆရာတွေ အပါအဝင် လေးဦးလည်း အမှုဖွင့်ခံထားရပါတယ်။
အမှုက အရင်အတိုင်းဆက်ဖွင့်ထားဆဲပဲလို့ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။
“အဲဒါအရင်အတိုင်းပဲ အရင်အတိုင်းဖွင့်ထားသေးတယ်၊ ပိုးတွေ့ထားတယ်ဆိုတော့ ဝေဘာဂီပဲ ထားထားတယ်”
အစိုးရက လူစုလူဝေးမလုပ်ဖို့ ထုတ်ပြန်ထားချိန်မှာ တနင်္သာရီတိုင်း ရေဖြူမြို့မှာ ဘုန်းကြီးပျံပွဲ ဦးဆောင်ကျင်းပ ခဲ့သူတွေနဲ့ မြိတ်မြို့မှာ မင်္ဂလာပွဲကျင်းပခဲ့သူတွေကို အမှုဖွင့်အရေးယူဖို့လည်း တိုင်းအစိုးရက စီစဉ်နေပါတယ်။
ဘယ်ပုဒ်မနဲ့ တရားစွဲမလဲဆိုတာကို ဥပဒေအရာရှိတွေနဲ့ တိုင်ပင်နေပြီး သဘာဝဘေးအန္တရာယ် ကာကွယ်တား ဆီးရေး ဥပဒေနဲ့ဖြစ်မလား၊ ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေး ဥပဒေနဲ့ ဖြစ်မလားဆိုတာ မသိသေးဘူးလို့ တိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လူဝန်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဦးကျော်မင်းက ပြောထားပါတယ်။
လူစုလူဝေးမလုပ်ဖို့ ညွှန်ကြားချက် ဖောက်ဖျက်သူတွေအပြင် စောင့်ကြပ်ကြည့်ရှုထားသူတွေထဲက ထွက်ပြေး သွားတာနဲ့ စည်းကမ်းမလိုက်နာသူတွေကိုလည်း အစိုးရက အမှုဖွင့်အရေးယူခဲ့သူ ၁၀ ဦးကျော်လည်း ရှိနေပါတယ်။
နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ ကြပ်မတ်စောင့်ကြည့်သူ သုံးဦးဟာ ညွှန်ကြားချက်တွေကို မလိုက်နာတဲ့ အတွက် ဧပြီ ၂၀ ရက်နေ့က သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၀ (က) နဲ့ ထောင်ဒဏ် ခြောက်လ ချမှတ်အရေးယူတာကို ခံခဲ့ရပါတယ်။
နေပြည်တော် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးရေး ကော်မတီ နာယက ဦးမောင်မောင်ဆွေက အဲဒီလို အရေးယူလိုက်တာကြောင့် စည်းကမ်းမလိုက်နာချင်တဲ့သူတွေကို ထိန်းချုပ်နိုင်သွားတယ်လို့ ဆိုပါတယ်။
“အရေးယူတာ ဘေးစီမံ ဥပဒေပုဒ်မ ၃၀ ကနဲ့ အမှုက နှစ်ခု လူက သုံးဦးပါ၊ ထပ်လုပ်တယ်ဆိုရင် အရေးယူ တာလည်း ရှေ့မှာနမူနာရှိတယ်။ ဥပဒေလည်းရှိတယ် ဥပဒေအတိုင်းအရေးယူနေတယ် ဆိုတော့ သူတို့ လိုက်တာတဲ့အပိုင်းမှာ အကျိုးသက်ရောက်မှု ကြီးကြီးမားမားကိုရှိပါတယ်”
ကြပ်မတ်စောင့်ကြည့်မှုကို ငြင်းဆန်လို့ အရေးယူခံရသူတွေထဲမှာ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နဲ့ နေပြည်တော်က လူတွေ ပါဝင်ပါတယ်။
ကြပ်မတ်စောင့်ကြည့်ဖို့ ညွှန်ကြားရာမှာ အရင်က ၁၄ ရက်ဖြစ်ပြီး နောက်ပိုင်းမှာ ၂၁ ရက် ပြောင်းလဲလိုက်တဲ့ အပေါ် လက်မခံသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
စစ်တွေလေဆိပ်ကို ရောက်ရှိလာသူတွေထဲမှာ ကြပ်မတ်စောင့်ကြည့်ဖို့ ပြောဆိုတဲ့အပေါ် ငြင်းဆန်လို့ ဖြောင်းဖြ နားချရတယ်လို့ စစ်တွေမြို့နယ် အရပ်ဖက်အဖွဲ့က ကိုထွန်းလင်းအောင်က ပြောပါတယ်။
“လိုက်နာမှုအပိုင်းက အားနည်းတာပေါ့နော်၊ ခရီးသည်တွေက သဘောပေါက်နားလည်ရမယ်၊ မိန်းမ နှစ်ယောက်ဆို လုံးဝပြောမရဘူး၊ လေဆိပ်မှာကတည်းက ကလန်ကဆန်လုပ်နေတာ၊ နောက်ပိုင်းမှ အတင်းဖြောင်းဖြပြီး ခေါ်လိုက်ရတာ”
ဧပြီ ၁၉ ရက်နေ့က ရန်ကုန်ကနေ စစ်တွေကို လေယာဉ်နဲ့ လိုက်ပါတဲ့ခရီးသည်တွေထဲမှာ ရောဂါကူးစက်ခံရသူ များပြားတဲ့ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်က ပြန်လာသူ နှစ်ဦးကို ကြပ်မတ်စောင့်ကြည့်ဖို့ ပြောဆိုတာမှာ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး ညွှန်ကြားချက်ဖောက်ဖျက်သူတွေကို အရေးယူတာအပြင် သတင်းမှာဖြန့်ချိသူ တွေကိုလည်း အစိုးရက အရေးယူဆောင်ရွက်နေပါတယ်။
ပဲခူးတိုင်း ရေတာရှည်မြို့နယ်က တစ်ဦးကတော့ ရေတာရှည်မှာ ကိုရိုနားဗိုင်းရပ်စ် ကူးစက်ခံရသူ ရှိလာပြီဆိုပြီး ဖေ့ဘွတ်ခ် စာမျက်နှာမှာတင်လို့ သတင်းမှားဖြန့်ဝေမှုနဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ပုဒ်မ ၂၇ တပ်ပြီး အမှုဖွင့်ခံခဲ့ရပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကတော့ အခုလို အရေးပေါ်ကာလမှာ ဥပဒေတွေနဲ့ ထိန်းချုပ်သင့် တယ်လို့ ဆိုပါတယ်။
“အခုက အရေးပေါ်ကာလ ဥပဒေအရ မထိန်းချုပ်ရင် ပိုပြီးဆိုးဆိုးဝါးဝါး ကူးစက်ပြန့်ပွားမှာစိုးရိမ်လို့ ဒါ ဥပဒေအတိုင်း ဆောင်ရွက်ရတာ။ ကျွန်တော်တို့ မြင်တွေ့ရတဲ့အထဲမှာ တချို့က အစစ်ဆေးမခံဘူး၊ တချို့က စောင့်ကြည့်တာမှာ ဥပဒေ ချိုးဖောက်တာ လုပ်လာတယ်။ အခုလိုအရေးပေါ်ကာလမှာ ဥပဒေနဲ့ ထိန်းချုပ်ဖို့ ကျင့်သုံးရမှာပါ၊ ကျွန်တော်တို့ကတော့ လက်ခံပါတယ်”
သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ကနေ ၃၀ ပုဒ်မတွေနဲ့ အရေးယူခံရမယ်ဆိုရင် ငွေဒဏ်နဲ့ ထောင်ဒဏ်အများဆုံး သုံးနှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။
ပြည်ထောင်စုအစိုးရက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးရေးလုပ်ငန်းတွေမှာ ညွှန်ကြားချက်တွေ စည်းမျဉ်း ဥပဒေတွေကို ပျက်ကွက်ရင် သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေအပြင် ကူးစက်ရောဂါ ကာကွယ်တားဆီးရေး ဥပဒေတွေနဲ့ပါ အရေးယူဖို့ တိုင်းနဲ့ ပြည်နယ် အစိုးရတွေကို ထပ်ပြီးညွှန်ကြားထားပါတယ်။