တနိုင်းပယင်းမှော်ကို အစိုးရကိုင်တွယ်မှု ကချင်အဖွဲ့ဝေဖန်
2019.08.20

ပယင်းနဲ့ ရွှေထွက်ရှိတဲ့ ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသက ဒေသခံတွေ စစ်ဘေးကြောင့် ထွက်ပြေး တိမ်းရှောင်နေရချိန်မှာ ပယင်းမှော်တွေ တရားဝင်တူးဖော်လုပ်ကိုင်ခွင့် ချထားပေးဖို့ စီစဉ်နေတာကို ကန့်ကွက်တယ် လို့ ကချင်လူမှုဖွံ့ဖြိုးရေးအဖွဲ့ KDNG ကနေ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။ သွေးစွန်းသော ပယင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ရန်ကုန်မြို့မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲကို ကျင်းပတာဖြစ်ပါတယ်။
ပယင်းမှော်တွေရှိတဲ့ တနိုင်းမြို့နယ်က အင်ဂါးဂါ၊ ဝိုင်လော်၊ ထန်ဘရာ၊ နမ့်ဂေါင်၊ နမ့်ဗျုနမ့်ခမ်း စတဲ့ ကျေးရွာက ဒေသခံ ၃၀၀၀ လောက်ဟာ မြို့ပေါ်က ဘုရားကျောင်းတွေမှာ ပြီးခဲ့တဲ့နှစ်ကတည်းက မှီခိုနေရကြရတယ်လို့ သိရပါတယ်။
သူတို့ဟာ ၂၀၁၈ ခုနှစ်မှာ တပ်မတော်ကနေ ပြောင်းရွှေ့ခိုင်းတာကြောင့် ဒေသခံတွေ ထွက်ပြေးလာကြရတာလို့ သိရပါတယ်။ ကိုယ့်ရဲ့အရပ်ဒေသ၊ နေအိမ်၊ စိုက်ပျိုးရေးခြံတွေကို သွားခွင့်မရှိတဲ့အချိန်မှာ အခုလို တရားဝင်တူးဖော် ခွင့်ပေးဖို့ စီစဉ်နေတာဟာ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို စိတ်ပူစရာဖြစ်နေတယ်လို့ နမ့်ဗျူနမ့်ခမ်းကျေးရွာက ဒေါ်လုဆိုင်း က ပြောပါတယ်။
ပယင်းမှော်တူးဖော်နေတာတွေကို ရပ်တန့်ဖို့ ၊ သူတို့ရဲ့ မြေယာတွေ၊ ကျေးရွာတွေကို မထိပါးဖို့ ၊ သူတို့ကို နေရပ်ပြန် ခွင့်ပေးဖို့ နိုင်ငံတော်သမ္မတဆီကို ၂၀၁၈ အောက်တိုဘာမှာ ဒေသခံတွေက တင်ပြခဲ့ပေမယ့် ဘယ်အဖြေမှ မရရှိခဲ့ ဘူးလို့လည်း သွေးစွန်းသော ပယင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
(RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့သည်)