ကျပ် ၁.၉ ဘီလီယံစွပ်စွဲချက် မမှန်ကန်ကြောင်း တနင်္သာရီဝန်ကြီးနဲ့ မြိတ်စည်ပင်ဥက္ကဋ္ဌငြင်းဆို
2019.03.13
အဂတိလိုက်စားမှုနဲ့ အရေးယူခံထားရတဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ်အနေနဲ့ တိုင်းလမ်းဦးစီးဌာနကို တစ်လုံးတစ်ခဲတည်း ငွေကျပ် ၁.၉ ဘီလီယံ ထုတ်ယူခွင့် ပေးခဲ့တဲ့ကိစ္စမှာ ဆက်စပ်ရရှိတဲ့အကျိုးအမြတ်ကို စီမံဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းနဲ့ မြိတ်စည်ပင်ဥက္ကဋ္ဌ ဦးမြတ်ကိုကိုတို့နဲ့ ခွဲဝေယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် မဟုတ်မှန်ကြောင်း အစွပ်စွဲခံရသူ နှစ်ဦးစလုံးက ဒီကနေ့ ငြင်းဆိုလိုက်ပါတယ်။
မတ်လ ၁၁ ရက်နေ့က RFA သတင်းမှာ… တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ဟာ လမ်းဦးစီးဌာနကို ငွေကျပ် ၁.၉ ဘီလီယံ တစ်လုံးတစ်ခဲတည်း ထုတ်ခွင့်ပေးခဲ့တာနဲ့ပတ်သက်ပြီး စီမံဘဏ္ဍာဝန်ကြီးနဲ့ မြိတ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ တို့ဟာ အကျိုးအမြတ်တွေကို ခွဲဝေယူခဲ့တယ်လို့ အမည်မဖော်လို့တဲ့ သတင်းအရင်းအမြစ်တစ်ဦးကို ကိုးကားပြီး ရေးသားဖော်ပြခဲ့ပါတယ်။
ဒီစွပ်စွဲချက်တွေနဲ့ပတ်သက်လို့ တနင်္သာရီတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေကြားဖို့ ငြင်းဆိုခဲ့ပါတယ်။ ဒီအကြောင်း သီးခြားအတည်ပြုနိုင်ခြင်း မရှိခဲ့ပါဘူး။
ဒီစွပ်စွဲချက်နဲ့ပတ်သက်ပြီး စီမံဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းနဲ့ စည်ပင်ဥက္ကဌ ဦးမြတ်ကိုကို RFA က ဒီကနေ့ မေးမြန်းရာမှာတော့… သူတို့ ပါဝင်ပတ်သက်မှု မရှိကြောင်း၊ လမ်းဦးစီးဌာနကသာ ဒီလုပ်ငန်းတွေကို ဆောင်ရွက်တာ ဖြစ်ကြောင်းနဲ့၊ ဒီစွပ်စွဲချက်တွေကြောင့် သူတို့ကို ပြည်သူတွေ ယုံကြည်မှု ကျဆင်းနိုင်ကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။
ဒီစွပ်စွဲချက်နဲ့ပတ်သက်ပြီး မြိတ်မြို့စည်ပင်သာယာရေးကေ်ာမတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက သတင်းမီဒီယာတွေနဲ့ ဒီနေ့တွေဆုံစဉ်မှာ စွပ်စွဲချက် မှားယွင်းကြောင်း ငြင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁ဝ ရက်နေ့က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်တဲ့ကြေငြာချက်မှာ… ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်ဟာ လမ်းဦးစီးဌာနကို ကျပ်ငွေ ၁.၉ ဘီလီယံ တစ်လုံးတစ်ခဲတည်း ထုတ်ယူခွင့်ပေးပြီး၊ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးကို သူ့ခင်ပွန်းပိုင်ခြံအတွက် ငွေပေးချေခဲ့ခြင်းမရှိဘဲ ခြံစည်းရိုး ခတ်ခိုင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။