တောင်တွင်းကြီး ပြည်သူတွေ အင်တာနက် မရပေမယ့် စစ်တပ်အနားမှာတော့ လိုင်းကောင်း

2021.09.29
တောင်တွင်းကြီး ပြည်သူတွေ အင်တာနက် မရပေမယ့် စစ်တပ်အနားမှာတော့ လိုင်းကောင်း တောင်တွင်းကြီးမြို့က စစ်ကောင်စီရဲ့ အမှတ် (၇) လေ့ကျင့်ရေးတပ်နားက ကန်ဘောင်ပေါ်မှာ အင်တာနက်သုံးနေသူတွေကို ၂၀၂၁ စက်တင်ဘာ ၂၆ ရက်နေ့က တွေ့ရစဥ်
Photo: CJ
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ အင်တာနက်လိုင်းတွေကို စစ်ကောင်စီက ဖြတ်တောက်တာနဲ့ မြန်နှုန်း 2G အထိ လျှော့ချတာတွေ လုပ်ထားပေမယ့် မြို့အရှေ့ဘက်မှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် (၇) လေ့ကျင့်ရေးတပ် အနားက တယ်လီနောတာဝါတိုင်မှာတော့ အင်တာနက်မြန်နှုန်း 4G အထိရနေတယ်လို့ ဒေသခံတွေက ပြော ပါတယ်။
 
“မြို့ပေါ်ကို အင်တာနက်ဖြတ်ထားတာ ၁၀ ရက်ကျော်လာပြီ၊ သူတို့ စစ်ကောင်စီက လူတွေသုံးဖို့တော့ စစ်တပ်နဲ့နီးတဲ့ တယ်လီနောတိုင်ကို 4G အပြည့်လွှင့်ထားတယ်၊ ပြည်သူတွေ လိုင်းသုံးချင်ရင် လေ့ကျင့်ရေး (၇) နားက ကန်တော်ကြီးကန်ဘောင်ပေါ်ကို သွားသုံးရတယ်၊ ညနေကျရင် အင်တာနက်လာသုံးကြတာ လူတွေတန်းစီနေတာပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
တောင်တွင်းကြီးမြို့ပေါ်မှာ အင်တာနက်မြန်နှုန်း 2G အထိပဲ ရရှိနေတာကြောင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေ အပါအဝင် အင်တာနက်နဲ့ အသုံးပြုရတဲ့လုပ်ငန်းတွေမှာ အဆင်မပြေမှုတွေဖြစ်နေတယ်လို့ ဒေသခံက ဆိုပါတယ်။
 
လက်ရှိအင်တာနက်လိုင်း မကောင်းတာကြောင့် အခြားမြို့နယ်တွေနဲ့ နိုင်ငံခြားတိုင်းပြည်တွေမှာ အလုပ်သွား လုပ်နေသူတွေအနေနဲ့ မိဘဆွေမျိုးတွေထံ ပိုက်ဆံလွှဲတာကအစ အဆင်မပြေဘူးလို့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်နေသူ ဒေသခံတစ်ဦးကပြောပါတယ်။
 
တောင်တွင်းကြီးမြို့မှာ လက်ရှိ ကိုဗစ် - ၁၉ ရောဂါကူးစက်မှု လျော့နည်းသွားပေမယ့်လည်း ပြည်သူတွေ အပြင်ထွက်ရမယ့်အချိန်ကို မနက် ၆ နာရီကနေ နေ့လယ် ၁၂ နာရီအထိ တစ်ချိန်နဲ့ ညနေ ၄ နာရီကနေ ၆ နာရီအထိတစ်ချိန်သာ စစ်ကောင်စီက ခွင့်ပြုထားဆဲဖြစ်ပါတယ်။
 
ဒါ့အပြင် စက်တင်ဘာ ၁၄ ရက်နေ့ကစပြီး မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ချင်းပြည်နယ် အပါအဝင် ပြည်နယ်နဲ့တိုင်းအချို့က မြို့နယ် ၂၀ ကျော်ကို စစ်ကောင်စီက အင်တာနက်မြန်နှုန်းလျော့ချတာနဲ့ ဖြတ်တောက်တာတွေ လုပ်ထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။