ဆရာ ဆရာမတွေ လစာတိုးမည်
2016.08.23

Photo: Nay Thwae/RFA
အခြေခံပညာကျောင်းတွေမှာ သင်ကြားနေတဲ့ ဆရာ၊ ဆရာမတွေကို လစာ တိုးမြှင့်ပေးဖို့ စီစဉ်ဆောင်ရွက်နေကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သန်းဦး က ပြောပါတယ်။
ဒီနေ့ နေပြည်တော်မှာကျင်းပတဲ့ ဝန်ကြီးဌာန လေးခုရဲ့ ရက် ၁၀၀ စီမံချက်ရှင်းလင်းပွဲမှာ ဦးအောင်သန်းဦး က ပြောတာဖြစ်ပါတယ်။
"အခြေခံပညာမှာ ဝန်ထမ်းအင်အားလေးသိန်းကျော်ရှိပြီး ဆရာဆရာမဝန်ထမ်း သုံးသိန်းကျော်ရှိပါတယ်။ တိုးပေးဖို့ လိုအပ်လာမယ့် ငွေကြေးပမာဏ အတော်ကြီးမားပါတယ်။ အဲ့ဒီအတွက် အစီအစဉ်လေးတွေ လုပ်နေပါပြီ ရက်ကိုတော့ အတိအကျမပြောနိုင်သေးပါဘူး။ တိုးတာတော့ တိုးပေးဖို့အတွက် စီစဉ်ဆောင် ရွက်လျှက်ရှိကြောင်း တင်ပြလိုပါတယ်။"
ပညာရေး၊ ပြန်ကြားရေး၊ စက်မှု၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လေးခုက ဒီနေ့ နေပြည်တော်မှာ ရှင်းလင်းပွဲကျင်းပခဲ့တာဖြစ်ပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနက ရုပ်သံဥပဒေကို ပြဌာန်းပြီးဖြစ်ကြောင်းနဲ့ လက်ရှိမှာ ရုပ်သံလုပ်ကိုင်ခွင့်လိုင်စင် ၅ ခု ချထားပေးဖို့ရှိကြောင်း ပြောကြားခဲ့ပြီး စက်မှုဝန်ကြီးဌာနက မြန်မာ့ဆေးဝါးလုပ်ငန်းလက်အောက်မှာရှိ တဲ့ ဆေးဝါးစက်ရုံမှာ မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှုကို နိုင်ငံတကာအဆင့်မီ လုပ်ဆောင်နိုင်ခဲ့ပြီး တစ်နှစ် ကို မြွေဆိပ်ဖြေဆေး ယူနစ် တစ်သိန်း ထုတ်လုပ်နိုင်မှာဖြစ်ကြောင်း ပြောပါတယ်။
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ နယ်စပ်ဒေသက ဒေသခံ တစ်ပိုင်တစ်နိုင် ကုန်သည်တွေ ကို ကုန်သွယ်ခွင့်ပမာဏတိုးမြှင့်ပေးခဲ့ကြောင်း၊ ပြည်ပကိုတင်ပို့ဖို့ကန့်သတ်ထားတဲ့ ကုန်ပစ္စည်း ၁၂ မျိုးထဲက ပန်းနှမ်းဆီ ၊ မုန့်ညှင်းစေ့၊ မုန့်ညှင်းဆီ၊ နေကြာစေ့၊ နေကြာဆီ ဆီကြိတ်ဖတ်အားလုံးနဲ့ ပုဇွန်ဖွဲတွေကို ဖြေလျှော့ တင်ပို့ခွင့်ပြုလိုက်ကြောင်း ရှင်းလင်းခဲ့ပါတယ်။