ဆက်သွယ်ရေးတာဝါတိုင်တွေအနီးမှာ ထူးခြားမှုတွေ့ရင် အကြောင်းကြားဖို့ တယ်လီနော ထုတ်ပြန်
မြန်မာနိုင်ငံမှာ မကြာသေးခင်က မိုဘိုင်းဆက်သွယ်ရေးတာဝါတိုင်တွေအနီးမှာ ထိခိုက်မှုတွေဖြစ်ပွားခဲ့တာ ကြောင့် အများပြည်သူ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် တာဝါတိုင်တွေနဲ့ ဆက်သွယ်ရေးအခြေစိုက် စခန်းရှိရာနေရာတွေအနီးကို မသွားလာကြဖို့ တယ်လီနောမြန်မာက စက်တင်ဘာလ ၃၀ ရက် မနေ့က သတိပေးထုတ်ပြန်လိုက်ပါတယ်။
တာဝါတိုင်နဲ့ ဆက်သွယ်ရေးအခြေစိုက်စခန်းနားကို အများပြည်သူတွေ မဝင်ရောက်နိုင်အောင် တားဆီး ကာရန်ထားပြီး တာဝန်ရှိသူကလွဲရင် မဝင်ရောက်ဖို့ ဘေးအန္တရာယ် သတိပေးဆိုင်းဘုတ်တွေနဲ့ တားမြစ် ထားတယ်လို့လည်းဆိုပါတယ်။
တာဝါတိုင်တွေကို မိုဘိုင်းအော်ပရေတာနဲ့ စာချုပ်ချုပ်ဆိုထားတဲ့ ဝန်ဆောင်မှုလုပ်ငန်းက စီမံခန့်ခွဲနေပြီး တာဝါတိုင်မှာ မြေရှင်၊ တာဝါတိုင်ကုမ္ပဏီ ဒါမှမဟုတ် မိုဘိုင်းအော်ပရေတာကို ဖော်ပြထားသလို ပုံမှန်မဟုတ်ဘဲ ထူးခြားမှုတွေကိုတွေ့ရင် အကြောင်းကြားဖို့ကိုလည်း ရေးသားထားပါတယ်။
RFA က စုံစမ်းရရှိထားတဲ့ အချက်အလက်တွေအရ စက်တင်ဘာလ ၄ ရက်နေ့ကနေ စက်တင်ဘာ ၁၀ ရက်အတွင်းမှာ စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွေမှာ ဖောက်ခွဲ ဖျက်ဆီးခံရတဲ့ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၄၂ ခု အထိရှိခဲ့ပါတယ်။
အဲဒီအထဲမှာ ကာကွယ်ရေးဝန်ကြီးဌာနအောက်က မြန်မာစီးပွားရေးကော်ပိုရေးရှင်းပိုင် Star High ကုမ္ပဏီက ရှယ်ယာ ၂၈ ရာခိုင်နှုန်းပါဝင်ထားတဲ့ Mytel ရဲ့ တာဝါတိုင် ၃၅ ခုပါဝင်နေပြီး အော်ပရေတာတွေ စုပေါင်း တပ်ဆင်ထားတဲ့ တာဝါတိုင်နဲ့ တခြားဆက်သွယ်ရေးတာဝါတိုင်တို့ ပါဝင်နေပါတယ်။