အပူချိန် မြင့်တက်မှုရှိနိုင်ကြောင်း မိုးဇလဌာန သတိပေး


2016.02.19

လာမယ့် မေလအထိ အပူချိန်မြင့်တက်မှုတွေ ရှိနိုင်တာကြောင့် အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်မှုတွေကို လိုက်နာဖို့ လိုအပ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက တိုက်တွန်းလိုက်ပါတယ်။

နေ့အပူချိန် မြင့်တက်မှုတွေဟာ မေလအထိ ဖြစ်ပေါ်နိုင်တဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတိပေးထုတ်ပြန် ချက်တွေကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

"အခုမှ နွေရာသီကို အစပျိုးနေတာလေ၊ နေ့အပူချိန်တွေက တဖြည်းဖြည်းတက်လာတဲ့ အနေအထားမျိုးပေါ့ ၊ နွေရာသီကတော့ မတ်၊ ဧပြီ၊ မေလ လောက်အထိကိုသွားမယ်၊ မုတ်သုန်မိုးပြန်ရတဲ့အချိန်ကျမှ အပူချိန်ကပြန်ပြီး ကျသွားမယ်၊ အဲ့ဒါကြောင့် သတင်းစာတွေမှာလည်း ဖော်ပြထားတယ်၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေကနေ ပြီးတော့ အကြံပေး သတိပေးနှိုးဆော်ချက်တွေကို လိုက်နာဆောင်ရွက်သွားဖို့ လိုပါတယ်"

လက်ရှိ မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ပဲခူး၊ တနင်္သာရီ၊ မကွေး စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အပူချိန်တွေ စတင်မြင့်တက်လာတဲ့အတွက် သတိထားနေထိုင်ဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

အပူချိန် မြင့်တက်မှုကြောင့် ချွေးထွက်လွန်ပြီး ခန္ဓာကိုယ်အတွင်းက ရေနဲ့ဓာတ်ဆားတွေဆုံးရှုံးမှု များတတ်တဲ့ အတွက် မိတ်နဲ့ ယားနာဖုတွေထွက်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ မူးမော်တာ၊ ကြွက်တက်တာ၊ ချွေးခြောက်ပြီး ကိုယ်အပူချိန်တက်တာ၊ သတိလစ်တာအပြင် အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေထိဖြစ်တတ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။

နှစ်ပေါင်း ၁၀၀ အတွင်း ဒီနှစ်ဟာ အယ်နီညို (အပူချိန်မြင့်မားမှု) ရာသီဥတုအပြင်းထန်ဆုံးဖြစ်တဲ့အတွက် မွေးမြူရေး ကန်နဲ့ ရေလှောင်ကန်တွေမှာ ရေတွင်းရေကန်တွေခမ်းခြောက်တာ၊ ငါးရှားပါးတာတွေကြုံတွေ့နိုင်ကြောင်းနဲ့ သန့်စင်တဲ့ရေတွေ သိုလှောင်ထားဖို့၊ ရေအငွေ့ပျံနှုန်း နည်းပါးအောင် အရိပ်ရအပင်ငယ်တွေစိုက်ပျိုးဖို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ကလည်း သတိပေးချက်ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။