ထိုင်းနိုင်ငံထဲ ထွက်ပြေးခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ဖိအားပေးခံရ

RFA Burmese
2023.11.02
ထိုင်းနိုင်ငံထဲ ထွက်ပြေးခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ဖိအားပေးခံရ ထိုင်းနိုင်ငံဘက်သို့ ခိုလှုံလာသည့် ကရင်နီပြည်နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ကယားပြည်နယ်က တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံထဲ ထွက်ပြေးခိုလှုံနေရသူတွေထဲက ကျန်ရှိနေတဲ့ စစ်ဘေးဒုက္ခသည် ငါးထောင်ကျော်ကို လာမယ့် နှစ်ပတ်အတွင်း နေရပ်ပြန်နိုင်ဖို့ ထိုင်းအာဏာပိုင်တွေဘက်က ညှိုနှိုင်းပြောဆိုလာတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက နိုဝင်ဘာလ ၂ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လနဲ့ ဇူလိုင်လတွေမှာဖြစ်ခဲ့တဲ့ မယ်စဲ့မြို့ နယ်က တိုက်ပွဲတွေနဲ့ ဒေါနိုးကူး စစ်ဘေးဒုက္ခသည်စခန်း လေကြောင်း တိုက်ခိုက်ခံရမှုတွေကြောင့် ဒုက္ခသည် တစ်သောင်းနီးပါးဟာ ထိုင်းနိုင်ငံထဲ ထွက်ပြေးခိုလှုံခဲ့ပြီး နေရပ်ပြန်သူတွေလည်း ရှိတာကြောင့် လက်ရှိမှာ ဒုက္ခသည် ငါးထောင်ကျော် ကျန်ရှိနေတာပါ။

ဒီရက်ပိုင်းမှာပဲ ထိုင်းအာဏာပိုင်တွေက ကျန်ရှိနေသေးတဲ့ ဒုက္ခသည်တွေ မြန်မာနိုင်ငံထဲကိုပြန်ဖို့ ဆက်သွယ်ညှိနှိုင်းလာတာလို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) တည်ထောင်သူ ဦးဗညားက ပြောပါတယ်။

“အားလုံးကို ဒီရက်ထဲမှာပြန်ဖို့ ထိုင်းအာဏာပိုင်တွေက ညှိနှိုင်းပြီးမှ ဖိအားပေးလာတာ ရှိပါတယ်။ စပြန်တာတော့ ကြာပါပြီ။ ဒီရက်က နောက်ဆုံးအသုတ်တွေကို ပြန်ဖို့ ထိုင်းအာဏာပိုင်တွေက ဖိအားပေးတာပေါ့။ မနေ့ကထိ လူဦးရေ ငါးထောင်လောက် ကျန်သေးတယ်။ ကိုယ့်ရဲ့ ဒေသကိုပဲ ပြန်ခိုင်းတာပေါ့။ မယ်စဲ့ကလာရင် မယ်စဲ့ကိုပဲ ပြန်ဖို့ပြောပါတယ်”

၂၀၂၃ ခုနှစ် စက်တင်ဘာလကတည်းက နေရပ်ပြန်ချင်သူတွေကို ထိုင်းအာဏာပိုင်တွေဘက်က စာရင်းကောက်ယူမှုတွေ စတင်ပြုလုပ်ခဲ့တာလို့လည်း သူကဆိုပါတယ်။

ထိုင်းနိုင်ငံထဲ ရောက်နေတဲ့ဒုက္ခသည်တွေ နေရပ်ပြန်ရမယ်ဆိုတာကို ထိုင်းအာဏာပိုင်တွေက တရားဝင် ထုတ်ပြန်တာ မရှိသေးပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနကို RFA က အီးမေးလ်နဲ့ ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေဆိုလာတာ မရှိသေးပါဘူး။

ထိုင်းနိုင်ငံရောက် ဒုက္ခသည်တွေအရေး မြန်မာစစ်ကောင်စီအနေနဲ့ ဘာတွေ ဆောင်ရွက်ပေးနေလဲဆိုတာသိနိုင်ဖို့ ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ ချင်းမိုင်မြို့တွေမှာရှိတဲ့ စစ်ကောင်စီ မြန်မာသံရုံးနှစ်ခုကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ကယားပြည်နယ် သံလွင်မြစ် အရှေ့ဘက်ကမ်းမှာရှိတဲ့ မယ်စဲ့မြို့နယ်ထဲက စစ်ကောင်စီ တပ်စခန်းတွေကို ဇွန်လ ၁၃ ရက်မှာ ကရင်နီ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အဲဒီတိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ ဒေသခံတွေကို ထိုင်းနိုင်ငံဘက်က ယာယီ ခိုလှုံခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

ကရင်နီ လူ့အခွင့်အရေးအဖွဲ့ရဲ့ စာရင်းတွေအရ ကယားပြည်နယ် တစ်ခုလုံးမှာ စစ်တပ် အာဏာသိမ်း နှစ်နှစ်ခွဲကျော်အတွင်း နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သိန်းခွဲကျော် ရှိနေပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။