မမိုးမြင့်မိသားစုကို ထိုင်းအလုပ်ရှင်က လစဉ်ထောက်ပံ့ကြေးပေးမည်

RFA Burmese
2023.10.08
မမိုးမြင့်မိသားစုကို ထိုင်းအလုပ်ရှင်က လစဉ်ထောက်ပံ့ကြေးပေးမည် ဘန်ကောက်ကုန်တိုက် သေနတ်ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ရသည့် မမိုးမြင့်၏ ဈာပနအခမ်းအနားကျင်းပရန် ၂ဝ၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က ပြင်ဆင်ထားစဉ်။
Myanmar Embassy Bangkok/Facebook

ဘန်ကောက်ကုန်တိုက် သေနတ်ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ရတဲ့ မမိုးမြင့်ရဲ့ မိသားစုအတွက် ထိုင်းဘတ်ငွေတစ်သောင်း ( မြန်မာငွေ ၁ဝ သိန်းနီးပါး) လစဉ်ထောက်ပံ့ပေးသွားမယ်လို့ ထိုင်းအလုပ်ရှင်က အောက်တိုဘာ ၈ ရက် ဒီကနေ့ ပြောပါတယ်။

မမိုးမြင့်ရဲ့နာရေးကို ထိုင်းနိုင်ငံ နွန်ထဘူရီမြို့မှာ ဒီကနေ့လုပ်ခဲ့ပြီး ထိုင်းအစိုးရတာဝန်ရှိသူတွေ၊ မိခင်ဖြစ်သူနဲ့ အလုပ်ရှင်၊ လုပ်ဖော်ကိုင်ဘက် မြန်မာနိုင်ငံသားတွေ တက်ရောက်ပါတယ်။

မမိုးမြင့်ရဲ့ အလုပ်ရှင်က " မမိုးမြင့်မဆုံးခင်တုန်းက သူ့ရဲ့အမေကိုလတိုင်း ဘတ်ငွေတစ်သောင်း ပို့ပေးလေ့ရှိပါတယ်။ အဲဒီအတိုင်းပဲ ကျွန်မတို့ သူ့အမေကို လတိုင်းလတိုင်း ဘတ်ငွေတစ်သောင်းဆီ ဆက်ထောက်ပံ့ပေးသွားပါမယ်။ ဘယ်လောက်ကြာကြာ ထောက်ပံ့မလဲဆိုတာတော့ မပြောတတ်သေးပါဘူး။ သူ့အမေက မလိုတော့ဘူးလို့ ပြောတဲ့အချိန်ထိတော့ ကျွန်မတို့ထောက်ပံ့ပေးသွားဖို့ရှိတယ်" လို့ ဒီနေ့ နာရေးအခမ်းအနားမှာ ပြောခဲ့ပါတယ်။

နာရေးတက်ရောက်လာတဲ့ ထိုင်းနိုင်ငံတရားရေးဝန်ကြီးကလည်း ဘတ်ငွေနှစ်သိန်း နာရေးအခမ်းအနားမှာ မိခင်ဖြစ်သူကို ပေးခဲ့ပါတယ်။ သေဆုံးသူမမိုးမြင့်အတွက် ထိုင်းအစိုးရက ဘတ်ငွေ ၆.၂ သန်းထိ ထောက်ပံ့ပေးသွားဖို့ရှိတယ်လို့ ထိုင်း PBS သတင်းက ဖော်ပြပါတယ်။

အသက် ၃၁ နှစ်အရွယ် မမိုးမြင့်ဟာ အခင်းဖြစ်တဲ့ Siam Paragon ကုန်တိုက်ဘေးက ဆီယမ်စင်တာထဲက အရုပ်ဆိုင်မှာ အလုပ်လုပ်ကိုင်သူတစ်ဦးဖြစ်ပါတယ်။

အောက်တိုဘာလ ၃ ရက်နေ့က အလုပ်ရှင်ရဲ့ ငွေတွေကို ဘဏ်မှာ သွားထည့်ပြီးအပြန် Siam Paragon ကုန်တိုက် ပစ်ခတ်မှုအတွင်း ပစ်သတ်ခံခဲ့ရတာပါ။ သူဟာ ထိုင်း-တရုတ် အင်္ဂလိပ်ဘာသာစကားတွေ ကောင်းစွာ ပြောတတ်သူလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။