ထိုင်းနိုင်ငံ ဆန်ခလဘူရီမှာ မြန်မာ ၃၂ ဦးအဖမ်းခံရ
2024.05.28

ထိုင်းနိုင်ငံမှာ ခြောက်ဘီးကားထဲထည့်ပြီး တရားမဝင်ခေါ်လာတဲ့ မြန်မာနိုင်ငံသား ၃၂ ဦးကို ရဲတပ်ဖွဲ့က ရှာဖွေဖမ်းဆီးမိတယ်လို့ ဒေသတွင်း ထိုင်းသတင်းမီဒီယာဖြစ်တဲ့ မက်တီကွန်သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။
ဖမ်းခံရတဲ့အထဲမှာ ကလေး သုံးဦး၊ အမျိုးသမီး ဆယ်ဦးနဲ့ အမျိုးသား ၁၉ ဦးဖြစ်ပါတယ်။
ကုန်ကားရဲ့ကြမ်းပြင်အောက်မှာ လျှို့ဝှက်ခန်းလုပ်ပြီး လူတွေကိုထည့်ထားသလို အပေါ်မှာ အမှိုက်ထုတ်တွေနဲ့ ဖုံးထားတာပါ။
အဲဒီကားကို ဘုရားသုံးဆူနဲ့နီးတဲ့ ဆန်ခလဘူရီခရိုင်က ရန်တီ တံတားစစ်ဆေးရေးဂိတ်မှာ ရဲက ရှာဖွေတွေ့ရှိတာ ဖြစ်ပါတယ်။ သူတို့ကို ကန်ချနဘူရီမြို့ကိုပို့ဖို့ ခေါ်လာတာဖြစ်ပါတယ်။
ကနဦး စစ်ဆေးချက်အရ အဖမ်းခံရတဲ့သူတွေဟာ မြန်မာပြည်ဒေသအစုံကဖြစ်ပြီး ပြည်တွင်းမှာ စီးပွားရေး အကျပ်အတည်းတွေကြောင့် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ လာခဲ့တဲ့အကြောင်း၊ သွားမယ့်ခရီး အနီးအဝေးပေါ်မူတည်ပြီး တစ်ဦးကို ဘတ်ငွေ တစ်သောင်းခွဲကနေ နှစ်သောင်းခွဲခန့်အထိ ပေးရတဲ့အကြောင်း ထွက်ဆိုကြတယ်လို့ဆိုပါတယ်။
သူတို့ကိုသယ်လာတဲ့ ထိုင်းကားမောင်းသမား ဇနီးမောင်နှံကိုလည်း ရဲက ဖမ်းလိုက်ပါတယ်။
သူတို့အားလုံးကို တရားဥပဒေအရ ဆက်လက်ဆောင်ရွက်ဖို့ ဆန်ခလဘူရီ ရဲစခန်းကို ပို့လိုက်ပါတယ်။