ကျားဖြန့်ကြောင့် နယ်စပ်မှာ ထိုင်းအာဏာပိုင်တွေ လုံခြုံရေးတင်းကျပ်
2025.01.17
ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့မှာ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) တွေရဲ့ လူကုန်ကူးမှုကို တားဆီးဖို့ ထိုင်းအာဏာပိုင်တွေက ထိုင်း-မြန်မာ နယ်စပ်မှာ လုံခြုံရေးတင်းကျပ်ထားတယ်လို့ မဲဆောက်မှာနေထိုင်သူတွေက RFA ကို ဇန်နဝါရီလ ၁၇ ရက် ဒီနေ့ ပြောပါတယ်။
၂၀၂၄ နှစ်ကုန်ပိုင်းမှာ ထိုင်း -မြန်မာနယ်စပ်ကို ထိုင်းဒုတိယဝန်းကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး လာရောက်ပြီးနောက် နယ်စပ်လုံခြုံရေး စတင်တင်းကျပ်ခဲ့တာဖြစ်ပြီး အခုတစ်ပတ်ထဲမှာ ပိုပြီးတင်းကျပ်လာတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက RFA ကို ပြောပါတယ်။
“တရုတ်မင်းသားတစ်ယောက်နဲ့ တရုတ်အွန်လိုင်း ဆယ်လီတစ်ယောက်ကို မြဝတီဘက်က လက်နက်ကိုင်အဖွဲ့တွေက ထိန်းသိမ်းထားတာနဲ့ ပတ်သက်ပြီးတော့ အဲဒီကိစ္စကို ထိုင်းဘက်က မြန်မာဘက်ကို ပြောရတယ်။ မြန်မာဘက်က အာဏာပိုင်တွေကလည်း နယ်စပ်မှာရှိတဲ့ ကရင်လက်နက်ကိုင်တွေကို ပြောရတယ်။ အဲဒါက လိုတာထက်ပိုပြီးတော့ အဆင့်များနေတဲ့အခါကျတော့ ထိုင်းဘက်က လုံခြုံရေးတိုးမြှင့်တာပေါ့ ဒီသဘောပါ”
ထိုင်းအာဏာပိုင်တွေဘက်က မြဝတီမြို့နဲ့ အဓိက ထိစပ်နေတဲ့ မဲဆောက်နဲ့ ဖုတ်ဖရ စတဲ့ဒေတွေ အပါအဝင် ဒေသသုံးခုကို လုံခြုံရေးတင်းကျပ်ထားတာလို့ ဆိုပါတယ်။
အဲဒီမြို့နယ်တွေဟာ မြန်မာဘက်နေ ထိုင်းဘက်ခြမ်းကို တရားမဝင် ရေလမ်း၊ ကုန်းလမ်းနဲ့ သွားလို့ရတဲ့ နေရာတွေ ဖြစ်တာကြောင့် ထိုင်းအာဏာပိုင်တွေက တရားမဝင် နယ်စပ်ဖြတ်ကျော်တာနဲ့ ကျားဖြန့်ဂိုဏ်းတွေကို တားဆီးဖို့ဖြစ်တယ်လို့ မဲဆောက်မှာ နေထိုင်သူတွေက ပြောပါတယ်။
ထိုင်း (ကြည်းတပ်) နဲ့ ပူးပေါင်းအဖွဲ့တွေဟာ မြန်မာဘက်အခြမ်းက လာသူတွေကို မေးမြန်းစစ်ဆေးပြီး လက်နက်၊ မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမှုတွေကို အထူးသတိထား စောင့်ကြည့်နေပြီး မသင်္ကာရင် ဖမ်းဆီးတယ်လို့ မြဝတီဒေသခံတွေက ပြောပါတယ်။
ထိုင်းအာဏာပိုင်တွေ ပိတ်ထားတဲ့ တရားမဝင် နယ်စပ်ဂိတ်တွေရဲ့ မြန်မာဘက်အခြမ်းမှာ ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ရဲ့ ဂိတ်စခန်းတွေရှိနေတယ်လို့ ဆိုပါတယ်။
အခုလုံခြုံရေးတင်းကျပ်တဲ့ နေရာတွေဟာ မြဝတီ-ထိုင်းနယ်စပ်မှာရှိတဲ့ အမှတ် (၁) ချစ်ကြည်ရေးတံတား၊ အမှတ် (၂) ချစ်ကြည်ရေးတံတားစတဲ့ တရားဝင်လမ်းကြောင်းတွေနဲ့ ပတ်သက်မှု မရှိဘဲ အဲဒီနေရာတွေမှာ ပုံမှန်သွားလာလို့ရတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံသားတွေ အများဆုံး လူကုန်ကူးခံရပြီး ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) တွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အာဆီယံနိုင်ငံတွေကို ဇန်နဝါရီလ ၁၆ ရက်နေ့က တိုက်တွန်းထားပါတယ်။