နှစ်လအတွင်း ထိုင်းရောက်နိုင်ငံသား ၃၆၀၀၀ ခန့် အခွန်ဆောင်ထားကြောင်း စစ်ကောင်စီထုတ်ပြန်

RFA Burmese
2024.02.13
နှစ်လအတွင်း ထိုင်းရောက်နိုင်ငံသား ၃၆၀၀၀ ခန့် အခွန်ဆောင်ထားကြောင်း စစ်ကောင်စီထုတ်ပြန် အခွန်မဆောင်လိုကြောင်း ဆန္ဒပြနေသည့် မြန်မာအလုပ်သမားများကို ဘန်ကောက်မြို့က ကုလသမဂ္ဂရုံးရှေ့တွင် ဒီဇင်ဘာ ၁၇ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

နှစ်လနီးပါးအတွင်း အခွန်ပေးဆောင်တဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ၃၆,၀၀၀ နီးပါးရှိတယ်လို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ မြန်မာသံရုံးက ဖေဖော်ဝါရီ ၉ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဘန်ကောက်က မြန်မာသံရုံးမှာ နေ့စဉ် အခွန်ထမ်းဆောင်သူ အယောက် တစ်ထောင်ခန့်ရှိပြီး အခွန် စကောက်တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်ကနေ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်နေ့အထိ စုစုပေါင်း ၃၅,၉၁၉ ဦး အခွန်ထမ်းဆောင်ပြီး ဖြစ်တယ်လို့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ စစ်ကောင်စီကို အခွန်မဆောင်ချင်ပေမယ့် နေထိုင်ခွင့်ကဒ်လုပ်ငန်းစဉ်မှာ အခွန်ဆောင်ပြီး ပြေစာပြဖို့လိုအပ်တာကြောင့် မလွှဲမရှောင်သာ လုပ်ဆောင်ရတာလို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက RFA ကိုပြောပါတယ်။

“မလွှဲကင်းမရှောင်သာလို့ ဆောင်ကြရတာ။ တကယ်တော့ ဘယ်သူမှ စိတ်ထဲက ကြည်ဖြူကြတာ မဟုတ်ဘူး။ ချွေးနှဲစာကို ဒီလိုပေးဆောင်လိုက်တာဟာ စစ်ကောင်စီရဲ့ ကျည်ဆန်၊ လက်နက်ဖိုး ပေးလိုက်တာ။ ပြည်သူကိုသတ်ဖို့ အဖိုးအခကို ထည့်ဝင်ပေးလိုက်တယ်ဆိုတာ မြန်မာလုပ်သားတွေရဲ့စိတ်ထဲမှာ ကိုယ်ဆီကိုယ်ငှ ရှိကြတယ်။ ဒါပေမဲ့ စာရွက်စာတမ်းကို သုံ့ပန်းလုပ်ပြီးတော့ ဆက်ကြေး၊ လိုင်းကြေး တောင်းတဲ့ လူမိုက်ဂိုဏ်းတွေရဲ့ သဘာဝလို လုပ်သွားတာပဲ”

ဝင်ငွေခွန် ထမ်းဆောင်တဲ့ အလုပ်သမားတွေကို အခွန်ပေးသွင်းတဲ့ အထောက်အထားလက်မှတ် ထုတ်ပေးနေပြီး အဲဒီလက်မှတ်ကို နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာနဲ့ အသစ်လဲလှယ်တာ၊ အလုပ်သမား သက်သေခံကတ်၊ ထောက်ခံစာစတဲ့ အထောက်အထားတွေလုပ်ချိန် ပြသရမယ်လို့ စစ်ကောင်စီက သတိပေးထားပါတယ်။

ထိုင်းနိုင်ငံက စက်ရုံ၊ အလုပ်ရုံ၊ စိုက်ပျိုးမွေးမြူရေး၊ ဆောက်လုပ်ရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား အထွေထွေ လုပ်သားတွေဟာ လစဉ်ဝင်ငွေကို ဘတ် (၇၅၀၀) နှုန်းသတ်မှတ်ပြီး ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း (ဘတ် ၁၅၀) လစဉ်ပေးသွင်းရမယ်လို့ စစ်ကောင်စီကပြောထားပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ လက်မှတ်ရေးထိုး ပြင်ဆင်ထုတ်ပြန်တဲ့ ပြည်ထောင်စု အခွန်အကောက်ဥပဒေအရ ထိုင်းနိုင်ငံအပြင် တခြား ပြည်ပရောက် မြန်မာနိုင်ငံသားတွေပါ ဝင်ငွေခွန် ပေးဆောင်ရမယ်လို့ ဆိုထားပါတယ်။

ဒါဟာ ၂ဝ၁၂ ခုနှစ်ကစပြီး ပြည်ပရောက် မြန်မာနိုင်ငံသားတွေအပေါ် ကင်းလွတ်ခွင့်ပေးထားတဲ့ ဝင်ငွေခွန်ကို စစ်ကောင်စီက ပြန်လည်ကောက်ခံတာပါ။

အခွန် နှစ်ရာခိုင်နှုန်း ကောက်တာအပြင် ပြည်ပရောက် မြန်မာတွေအနေနဲ့ လစာရဲ့ ၂၅ ရာခိုင်နှုန်းကိုလည်း ဘဏ်တွေကနေတစ်ဆင့် တရားဝင်လမ်းကြောင်းနဲ့ ပြည်တွင်းကို လစဉ်လွှဲပို့ကြဖို့ပါလို့ စစ်ကောင်စီက ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။