မြန်မာ့အရေး ဘက်ပေါင်းစုံနဲ့ဆွေးနွေးဖို့ ထိုင်းဝန်ကြီးချုပ်ပြော
2024.04.09

မြန်မာ့အရေးဖြေရှင်းရေး ဘက်ပေါင်းစုံနဲ့ ဆွေးနွေးဖို့လိုတယ်လို့ ဧပြီလ ၉ ရက် ဒီကနေ့ အရေးပေါ်ကျင်းပတဲ့ ထိုင်းအစိုးရအစည်းအဝေးအတွင်းမှာ ဝန်ကြီးချုပ်က တိုက်တွန်းလိုက်ပါတယ်။
စစ်ကောင်စီနဲ့ လက်နက်ကိုင်ပြန်ခုခံနေတဲ့အဖွဲ့တွေကြား တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ပေါ်လာဖို့ ကြိုးစားတဲ့နေရာမှာ ထိလွယ်ရှလွယ် ကိစ္စတွေရှိတာကြောင့် အားလုံးနဲ့ စကားပြောဆွေးနွေးဖို့လိုတယ်လို့ သူက ဆိုပါတယ်။
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှာ ကရင်အမျိုးသားအစည်းအရုံးလက်အောက်ခံ KNLA တပ်၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေပြင်းထန်နေချိန်၊ စစ်ကောင်စီက ထိုင်းဘက်ရောက်နေတဲ့ သူတို့တပ်သားတွေကို ပြန်ခေါ်နိုင်ရေး ကြိုးပမ်းနေချိန်မှာ ထိုင်းအစိုးရအဖွဲ့အတွင်း အရေးပေါ်ဆွေးနွေးကြတာပါ။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ဖရီး ပါထီဟာနုကွန်း (Parnpree Bahiddha-nukara) ကလည်း မြန်မာပြည်အရေး ဖြေရှင်းရာမှာ ထိုင်းနိုင်ငံဟာ ဘက်မလိုက်တဲ့ မူဝါဒကျင့်သုံးနေတယ်လို့ သတင်းထောက်တွေကို ဒီနေ့ပြောပါတယ်။
မြန်မာပြည်ကနေ နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ ဒုက္ခသည်တစ်သိန်းကို လက်ခံသွားဖို့ရှိတယ်လို့လည်း သူက ဆိုပါတယ်။
မြန်မာ့အရေး တွင်တွင်ကျယ်ကျယ်ဆောင်ရွက်ဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဦးဆောင်ပြီး လုပ်ငန်းကော်မတီတစ်ခု ဖွဲ့စည်းခဲ့ကြောင်း၊ အဲဒီကော်မတီကနေ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စတွေကို ဆောင်ရွက်ဖို့ရှိကြောင်း ဒီနေ့အစည်းအဝေးမှာ ဆွေးနွေးခဲ့တယ်လို့ ထိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။