မြန်မာ ခုနစ်ထောင်ကျော် ထိုင်းဗီဇာလျှောက်ထား

RFA Burmese
2024.02.22
မြန်မာ ခုနစ်ထောင်ကျော် ထိုင်းဗီဇာလျှောက်ထား ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင် ဗီဇာလျှောက်ထားရန်လာရောက်သူများအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

စစ်မှုမထမ်းမနေရဥပဒေ အသက်သွင်းပြီးနောက် မြန်မာ ခုနစ်ထောင်ကျော်ဟာ ရန်ကုန်မြို့က ထိုင်းသံရုံးမှာ ဗီဇာလျှောက်ထားခဲ့တယ်လို့ ဘန်ကောက်ပို့စ်က ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဖော်ပြပါတယ်။

ဗီဇာလျှောက်ထားဖို့ ကြိုတင်ရက်ချိန်းတွေဟာလည်း မတ်လ ၁ ရက်နေ့အထိ ပြည့်နေပြီး ထပ်တိုးလာဖို့ပဲ ရှိနေတယ်လို့ ထိုင်းသံရုံးရဲ့ ပြောခွင့်ရ Kanchana Patarchoke က ပြောထားပါတယ်။

ဒါပေမဲ့ ဗီဇာလျှောက်ထားသူတွေ များပြားလာတာဟာ စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ သက်ဆိုင်မှု ရှိ၊ မရှိကိုတော့ သေချာမသိဘူးလို့ သူက ပြောတဲ့အကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။

ဒီအခြေအနေမှာ ထိုင်းကို ဝင်ရောက်လာသူတွေကို ထိုင်းအစိုးရက ကူညီစေချင်တယ်လို့ ရန်ကုန်မြို့နေ လူငယ်တစ်ဦးက RFA ကို ပြောပါတယ်။

"အွန်လိုင်းကနေ လျှောက်ရတာတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ ဟိုဘက်ရောက်ရင် ဘာဆက်လုပ်ရမလဲတော့ သေချာမသိသေးပါဘူး။ ထိုင်းအစိုးရအနေနဲ့ မြန်မာနိုင်ငံသားတွေအတွက် ကူညီစေချင်ပါတယ်"

ဖေဖော်ဝါရီလ ၁၀ ရက်မှာ အသက်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ အမျိုးသားတွေ၊ အသက် ၁၈ နှစ်ကနေ အသက် ၂၇ နှစ်အထိ အမျိုးသမီးတွေအနေနဲ့ အနည်းဆုံး နှစ်နှစ်ကစလို့ စစ်မှုထမ်းရမှာပါ။

ထိုင်းဝန်ကြီးချုပ် Srettha Thavisin ကတော့ နိုင်ငံအတွင်း တရားဝင် ဝင်ရောက်လာသူတွေကို ကြိုဆိုပေမယ့် တရားမဝင် ဝင်ရောက်လာသူတွေကိုတော့ ဥပဒေအရ အရေးယူသွားမယ်လို့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးဟာ ဗီဇာလျှောက်ထားသူတွေ များပြားတဲ့အတွက် အွန်လိုင်းကနေ တစ်ရက်ကို လူလေးရာ ကြိုတင်ရက်ချိန်းရယူနိုင်ဖို့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ သတ်မှတ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။