တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၄၁ ယောက်ကို နေရပ်ပြန်ပို့
2023.11.18

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ လောက်ကိုင်မြို့နယ်မှာ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၄၁ ယောက်ကို နိုဝင်ဘာ ၁၈ ရက်နေ့မှာ တာချီလိတ်အာဏာပိုင်တွေက ထိုင်းနိုင်ငံဘက်ကို ပြန်ပို့ခဲ့ပြီး အဲဒီထဲမှာ ထိုင်းအစိုးရ ဝရမ်းထုတ်ထားသူ သုံးယောက်ပါဝင်တယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။
သူတို့ကို တာချီလိတ်-မယ်ဆိုင်နယ်စပ်တံတားကနေ မြန်မာအာဏာပိုင်တွေက နိုဝင်ဘာ ၁၈ ရက်နေ့လယ်မှာ ထိုင်းဘက်ကို ပြန်လည်လွှဲပြောင်းပေးခဲ့တာ ဖြစ်ပြီး အဲဒီထဲမှာ သုံးယောက်ဟာ ထိုင်းအစိုးရက ဖမ်းဝရမ်းထုတ်ထားသူတွေ ဖြစ်တယ်လို့ ထိုင်းစစ်တပ်တာဝန်ရှိသူတစ်ဦး ပြောခဲ့တာကို ကိုးကားပြီး ဘန်ကောက်ပို့စ်က ဖော်ပြထားတာဖြစ်ပါတယ်။ ဖမ်းဝရမ်းထုတ်ခံထားရသူသုံးယောက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ ဖော်ပြမထားပါဘူး။
ထိုင်းဘက်ကို ပြန်ရောက်သွားတဲ့ ၄၁ ယောက်ထဲမှာ အမျိုးသား ၂၃ ယောက်၊ အမျိုးသမီး ၁၈ ယောက်ပါဝင်ပါတယ်။
မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်နေတဲ့ လောက်ကိုင်မြို့နယ်မှာ ငွေလိမ်လုပ်ငန်းတွေကနေ လွတ်မြောက်လာတဲ့ ထိုင်းနိုင်ငံသား ၃ဝဝ နီးပါးဟာ တိုက်ပွဲတွေကြား ပိတ်မိနေခဲ့တာဖြစ်ပါတယ်။ အဲဒီထဲက ၄၁ ယောက်ကို ထိုင်းကို ပြန်လွှဲပြောင်းခဲ့ပေမဲ့ နောက်ထပ် ၁၅၄ ယောက်ကတော့ နေရပ်ပြန်ဖို့ မြန်မာဘက်မှာ စောင့်ဆိုင်းနေဆဲဖြစ်တယ်လို့လည်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။
လောက်ကိုင်က ငွေလိမ်လုပ်ငန်းတွေမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ နောက်ထပ်ထိုင်းနိုင်ငံသား ၅ဝ နီးပါးရှိနေပြီး သူတို့အတွက်စိုးရိမ်ကြောင်းနဲ့ သူတို့ လွတ်မြောက်ဖို့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက နိုဝင်ဘာ ၁၇ ရက်နေ့က ပြောထားပါတယ်။