ရွှေ့ပြောင်းလုပ်သား ငါးသိန်းအတွက် ကိုဗစ်ဆေးထိုးဖို့ ထိုင်းစီစဉ်ထား

ထိုင်းနိုင်ငံမှာ အလုပ်သမားနည်းပါးမှု ပြဿနာကို ဖြေရှင်းတဲ့အနေနဲ့ နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းအစိုးရက ပြန်လက်ခံဖို့ စီစဉ်နေပါတယ်။
ကိုဗစ်၁၉ ကာကွယ်ဆေး လေးသိန်းကနေ ငါးသိန်းအထိ ရွှေ့ပြောင်းလုပ်သားတွေကို ထိုးပေးဖို့ ပြင်ဆင်ထားတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးက မနေ့ကပြောတဲ့အကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။
ထိုင်း နိုင်ငံမှာ ရွှေ့ပြောင်းလုပ်သား လေးသိန်း နှစ်သောင်းလောက် အရေးတကြီး လိုအပ်နေပြီး သူတို့တွေအတွက် ကာကွယ်ဆေးထိုးဖို့ ပြင်ဆင် ထားတယ်လို့ဆိုပါတယ်။ ရောက်လာတဲ့ အလုပ်သမားတွေကို ကိုဗစ်ရောဂါရှိ မရှိ နှစ်ပတ်ကြာ စောင့်ကြည့်စစ်ဆေးရေးစခန်းတွေမှာ ထားမှာဖြစ်ပြီး အဲဒီအချိန်အတွင်း သူတို့ကို ကာကွယ်ဆေးထိုးပေးမှာဖြစ်ပါတယ်။
အခုလို အလုပ်သမားတွေကို ထိုင်းအစိုးရက ပြန်ပြီးလက်ခံမယ့် အစီအစဉ်ဟာ အလုပ်သမားတွေကို မှောင်ခိုတင်သွင်းနေတဲ့ပြဿနာကိုပါ ထိန်းချုပ်ပြီးသားဖြစ်သွားမယ်လို့လည်း ထိုင်းအလုပ်သမားဝန်ကြီးကပြောပါတယ်။
ပြီးခဲ့တဲ့ လထဲမှာပဲ ထိုင်းနိုင်ငံထဲကို တရားမဝင်နည်းတွေနဲ့ရောက်လာခဲ့တဲ့ လူပေါင်း တစ်သာင်းတစ်ထောင်လောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။