ထိုင်းရောက် မြန်မာအလုပ်သမား နှစ်ရာနီးပါး အဖမ်းခံရ
2024.06.16

ထိုင်းနိုင်ငံမှာ တရားမဝင်အလုပ်သမားနှိမ်နှင်းရေးစီမံချက်နဲ့ မြန်မာနိုင်ငံသားအလုပ်သမား နှစ်ရာနီးပါး တစ်ပတ်အတွင်း ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေးကူညီသူတွေက ပြောပါတယ်။
ထိုင်းနိုင်ငံအတွင်း တရားမဝင်အလုပ်လုပ်ကိုင်နေသူတွေကို ရက် ၁၂၀ စီမံကိန်းနဲ့ စစ်ဆေးဖမ်းဆီးခဲ့တာပါ။ ဇွန်လ ၅ ရက်နေ့က ဇွန်လ ၁၂ ရက်နေ့အထိ အလုပ်သမား နှစ်သောင်းခြောက်ထောင်ကျော်ကို စစ်ဆေးခဲ့တယ်လို့ ထိုင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ထိုင်းလုပ်ငန်းခွင် ၁၇၇၄ နေရာကို ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့ရာမှာ မြန်မာ အလုပ်သမား နှစ်သောင်းကျော် (၂၀၁၁၁ ဦး)၊ ကမ္ဘောဒီးယား လေးထောင်နီးပါး (၃၉၇၁ ဦး)၊ လာအို တစ်ထောင့်ခြောက်ရာကျော် (၁၆၅၉ ဦး) အပါအဝင် ရွှေ့ပြောင်းအလုပ်သမားပေါင်း နှစ်သောင်းခြောက်ထောင်ကျော် (၂၆၁၈၉ ဦး) စစ်ဆေးခံခဲ့ရပါတယ်။ အဲဒီထဲက မြန်မာအလုပ်သမား ၁၉၀ ဦး ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
မြန်မာအလုပ်သမားတွေအနေနဲ့ အထောက်အထားမဲ့မဖြစ်ရလေအောင် အလုပ်လုပ်ခွင့် အထောက်အထားကတ်ဖြစ်တဲ့ ပန်းရောင်ကတ်ကို လုပ်ထားကြဖို့ မြန်မာအလုပ်သမားအရေးကူညီလုပ်ကိုင်ပေးနေတဲ့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ရဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်း ထိုင်းနိုင်ငံကို ရွှေ့ပြောင်းလာကြတဲ့ မြန်မာနိုင်ငံသားအများစုလည်း စာရွက်စာတမ်း အထောက်အထားမရှိတာကြောင့် ဖမ်းဆီးခံရတာတွေများနေပြီး မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံမှာရွှေ့ပြောင်းလုပ်ကိုင်နေသူ မြန်မာနိုင်ငံသား ခြောက်သန်းကျော်ရှိနေတယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးကူညီပေးနေသူတွေက ပြောပါတယ်။