ငွေလိမ်ဂိုဏ်းမှာ နှိပ်စက်ခံရတဲ့ ကင်ညာနိုင်ငံသား ထိုင်းနိုင်ငံကို ထွက်ပြေးလွတ်မြောက်

RFA Burmese
2025.02.09
ငွေလိမ်ဂိုဏ်းမှာ နှိပ်စက်ခံရတဲ့ ကင်ညာနိုင်ငံသား ထိုင်းနိုင်ငံကို ထွက်ပြေးလွတ်မြောက် ၂ဝ၂၅ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့က တွေ့မြင်ရသည့် ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုလ်မြို့ဘက်ခြမ်း မြင်ကွင်း။
Photo: Reuters

ကရင်ပြည်နယ် မြဝတီမြို့က အွန်လိုင်းငွေလိမ်ဂိုဏ်းမှာ နှိပ်စက်ညှဉ်းပန်းခိုင်းစေခံခဲ့ရတဲ့ ကင်ညာနိုင်ငံသား အမျိုးသားတစ်ဦး ထိုင်းနိုင်ငံဘက်ကို မနေ့က ထွက်ပြေးရောက်ရှိလာကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

အသက် ၃ဝ အရွယ် အဲဒီအမျိုးသားဟာ ငွေလိမ်ဂိုဏ်းကနေ ဖိနပ်မပါဘဲ ထွက်ပြေးခဲ့တာဖြစ်ပြီး ထိုင်းနယ်စပ်ရောက်အောင် တောတောင်တွေကို ဖြတ်ပြီး ငါးနာရီကြာ လမ်းလျှောက်ခဲ့ရတယ်လို့ဆိုပါတယ်။

ထိုင်းနယ်စပ် ဖွတ်ဖရမြို့နယ်ကို ရောက်ချိန်မှာတော့ သူ့ကို ရဲစခန်းပို့ဆောင်ပေးဖို့ အနီးအနားက စျေးဆိုင်ကို အကူအညီတောင်းခဲ့တယ်လို့ ပြောပါတယ်။

သူဟာ ထိုင်းမှာ စားဖိုမှူးအဖြစ် အလုပ်လုပ်ဖို့ ကမ်းလှမ်းခံရတာကြောင့် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၅ ရက်နေ့မှာ ရောက်လာတာဖြစ်ပြီး ထိုင်းလေဆိပ်ရောက်ချိန်မှာ မြန်မာနယ်စပ်က ငွေလိမ်ဂိုဏ်းကို အပို့ခံလိုက်ရတာလို့ ဆိုပါတယ်။

အဲဒီနောက် ခရစ်တိုငွေကြေး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှာ လိမ်လည်ဖို့ ခိုင်းစေခံခဲ့ရပြီး ငြင်းဆန်ရင် ရိုက်နှက်နှိပ်စက်ခံရတယ်လို့ ဆိုပါတယ်။

တရုတ်လူမျိုးတွေ ဦးဆောင်လုပ်ကိုင်နေတဲ့ အဲဒီငွေလိမ်ဂိုဏ်းမှာ သူ့လိုပဲ နှိပ်စက်ခိုင်းစေခံနေရသူ အယောက် တစ်ထောင်နီးပါးရှိနေပြီး အဲဒီထဲမှာ ကင်ညာ၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ အီသီယိုးပီးယား၊ ပါကစ္စတန်နဲ့ သီရိလင်္ကာနိုင်ငံသားတွေ ပါဝင်ကြောင်း သတင်းမှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။