ချင်းမိုင်မှာ မြန်မာအလုပ်သမားတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေး
2021.10.21

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ ကိုဗစ်ဗိုင်းရပ်စ်ကူးစက်မှုတွေ နေ့စဉ် မြင့်တက်နေသလို ရွှေ့ပြောင်းအလုပ်သမားတွေလည်း ကူးစက်ခံနေရလို့ အထောက်အထားရှိသူ ဘယ်သူမဆို ကိုဗစ်ကာကွယ်ဆေးကို အခမဲ့ထိုးပေးနေပါတယ်။
ချင်းမိုင်မြို့က အာရုံကြောဆေးရုံ အပါအဝင် သုံးနေရာမှာ ကိုဗစ်ကာကွယ်ဆေးကို အောက်တိုဘာလ ၁၈ ရက်နေ့ကနေ အောက်တိုဘာလ ၂၃ ရက်နေ့ထိ မြန်မာအလုပ်သမားတွေကို ကြိုတင်စာရင်းသွင်းစရာမလိုဘဲ အခမဲ့ ထိုးပေးနေတာပါ။ ပထမအကြိမ်မှာ Sinovac အမျိုးအစားကို ထိုးပေးနေပြီး၊ ဒုတိယအကြိမ်မှာ Astra Zeneca အမျိုးအစား ထိုးပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အထောက်အထားမရှိတဲ့ အလုပ်သမားတွေကိုတော့ ကာကွယ်ဆေးထိုးမပေးသေးဘူးလို့ သိရပါတယ်။
ချင်းမိုင်မြို့မှာ ကိုဗစ်ကူးစက်မှု မြင့်တက်နေလို့ ဈေးကြီးတွေ ပိတ်ထားလိုက်တဲ့အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ စားဝတ်နေရေးနဲ့ နေထိုင်ရေးတွေမှာ အခက်အခဲတွေ ရှိလာတယ်လို့ သိရပါတယ်။
ကိုဗစ်ကာကွယ်ဆေး မထိုးထားဘူးဆိုရင် အလုပ်ရဖို့ ခက်ခဲလာမှာ ဖြစ်သလို၊ ခရီးထွက်လို့ မရ၊ နယ်ကျော်သွားလာလို့ မရသလို အထောက်အထားသက်တမ်း ဒါမှမဟုတ် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတဲ့အခါမှာလည်း အခက်အခဲရှိလာနိုင်လို့ ကာကွယ်ဆေးကို ထိုးကြဖို့ ရွှေ့ပြောင်းအလုပ်သမား ကူညီရေးအဖွဲ့တွေက တိုက်တွန်းနေပါတယ်။