တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို အရေးယူမယ်လို့ ထိုင်းဝန်ကြီးချုပ်ပြော

RFA Burmese
2024.02.19
တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို အရေးယူမယ်လို့ ထိုင်းဝန်ကြီးချုပ်ပြော ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ခရီးစဉ်အတွင်း သတင်းစာရှင်းလင်းပွဲတစ်ခု တက်ရောက်လာသည့် ထိုင်းဝန်ကြီးချုပ် စရက်ထာ ထဝီဆင် (Srettha Thavisin)။
Photo: AFP

ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို အရေးယူသွားမယ်လို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က သတိပေးလိုက်ပါတယ်။

တရားမဝင် ဝင်လာသူတွေကို အရေးယူဖို့ လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးထားတယ်လို့လည်း ထိုင်းဝန်ကြီးချုပ်က ပြောကြောင်း ဘန်ကောက်ပိုစ့် သတင်းက ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ရေးသားဖော်ပြပါတယ်။

"တရားဝင်ဝင်လာတဲ့သူတွေကို ကြိုဆိုပါတယ်။ ဒါပေမဲ့ တရားမဝင် ခိုးဝင်လာတဲ့သူတွေကို ဥပဒေအရ အရေးယူသွားပါမယ်။ လုံခြုံရေးအဖွဲ့အစည်းတွေနဲ့လည်း ဆွေးနွေးထားပါတယ်"

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက် ထိုင်းနိုင်ငံကို လာခွင့် ဗီဇာလျှောက်ထားတဲ့ မြန်မာနိုင်ငံသား အရေအတွက် သိသိသာသာတိုးလာတယ်လို့လည်း ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးကလည်း ဗီဇာလျှောက်ထားသူ အလွန်များလာတာကြောင့် တစ်ရက်ကို လေးရာသာ လက်ခံတော့မယ်လို့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်မှုထမ်းဖို့ အသက်အရွယ်အရ အကျုံးဝင်သူ ၁၃ သန်းကျော် ရှိတယ်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

စစ်မှုထမ်းဖို့ ပထမဆုံးဆင့်ခေါ်တဲ့ လုပ်ငန်းစဉ်ကို ၂၀၂၄ ခုနှစ် ဧပြီလကုန်မှာ စတင်မယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။