ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ အများစုက မြန်မာတွေဖြစ်

လုဆိုင်း(ထိုင်းနိုင်ငံ)
2021.07.08

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့နယ်မှာ ကိုဗစ်ရောဂါ ကူးစက်မှု မြင့်တက်လာနေပြီး ရောဂါ ထိန်းချုပ်နိုင်ဖို့ မဲဆောက်မြို့နယ်ကို ညမထွက်ရ အမိန့် ထုတ်ပြန်လိုက်ပါတယ်။ မနေ့က ဇူလိုင်လ ၈ ရက် နေ့တရက်တည်း ကိုဗစ်ရောဂါ အတည်ပြုလူနာသစ် ၇၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၇၅ ဦးရှိပါတယ်။

တာ့ခ်ခရိုင် မဲဆောက်မြို့နယ်မှာတော့ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ကနေ ခုချိန်ထိ ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူပေါင်း ၁၅၆၆ ဦး ရှိပြီး ရှစ်ဦး သေဆုံးခဲ့တယ်လို့ မနေ့ကထုတ်တဲ့ ဘန်ကောက်ပိုစ့်သတင်းမှာ ဖော်ပြထားပါတယ်။ ကူးစက်ခံရသူတွေထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများဆုံး ပါဝင်ပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေကို ည ၈ နာရီကနေ မနက် ၄ နာရီ၊ ထိုင်းလူမျိုးတွေကိုတော့ ည ၁၁ နာရီကနေ မနက် ၄ နာရီအတွင်း သွားလာခွင့်ကို သတ်မှတ်လိုက်တယ်လို့ မဲဆောက်မြို့အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က ရုံးတာဝန်ခံ ဦးမိုးကျော်က ပြောပါတယ်။

“ပြီးခဲ့တဲ့ ၂၆ ရက်နေ့ကတည်းက လော့ဒေါင်းချထားတာ။ ဒီနေ့ ၉ ရက်နေ့ဆိုရင် လော့ဒေါင်းဖြုတ်မယ် လို့ ပြောပေမဲ့ ကိုဗစ်ရောဂါ တွေ့ရှိတာ များတဲ့ အတွက်ကြောင့် အခုက တစ်ထောင်ကျော်သွားပြီ မဲဆောက်မှာပေါ့နော်။ ဖြစ်တာက မြန်မာက အများစု၊ ဆိုတော့ ညကို ၈ နာရီ မနက် ၄ နာရီအတွင်းမှာပဲ သွားရလာရမယ် ဆိုတဲ့ ကြေညာချက် ထုတ်ထားတယ်။ ကာဖျူးလို့တော့ မသုံးဘူးပေါ့ သူတို့ကတော့၊ ကျနော်တို့ မြန်မာတွေဆိုရင် ၈ နာရီနောက်ပိုင်း မထွက်ရဘူး။ ထိုင်းတွေကျတော့ ၁၁ နာရီကနေ မနက် ၄ နာရီဆိုပြီးတာ့ သတ်မှတ်တယ်။ ဒေသတွင်းမှာ နည်းနည်းခွဲခြားမှု ရှိတယ်ဆိုပြီးတော့ ပြောဆိုသံတွေတော့ ကြားနေရတယ်ပေါ့နော်”

000_9ED4B8.jpg
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဇူလိုင်လ ၈ ရက်နေ့က ကိုဗစ်-၁၉ စစ်ဆေးဖို့ နှာခေါင်းတို့ဖတ်ရယူနေစဉ်။ (Photo: AFP)

အမိန့်စာဟာ ကပ်ရောဂါပေါ်မှာ အခြေခံပြီး ထုတ်ပြန်တာ ဖြစ်တဲ့အတွက် တပြေးညီဖြစ်ဖို့ လိုသလို၊ မဲဆောက် မြို့နယ်ထဲမှာ အဝင်အထွက် ပိတ်ပင်၊ သွားလာခွင့်တွေ ကန့်သတ်လိုက်လို့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေဟာ အလုပ်သွားမလုပ်နိုင်တော့ဘဲ စားဝတ်နေရေး ခက်ခဲလာတယ်လို့လည်း ဦးမိုးကျော်က ပြောပါတယ်။

အခုဖြစ်နေတဲ့နေရာက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ဆန်နဲ့ ကြက်ဥတွေနဲ့ အပူချိန်တိုင်းစက် တလုံးကို သွားရောက် လှူဒါန်းခဲ့တယ်လို့လည်း ဆိုပါတယ်။

ကိုဗစ်ရောဂါ ဒုတိယလှိုင်းမှာတုန်းက ဘန်ကောက်မြို့အနီး စမွတ်ဆာခွန်ခရိုင် မဟာချိုင်မြို့နယ်မှာ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ ကိုဗစ်ရောဂါကူးစက်မှု မြင့်မားခဲ့ပါတယ်။ ဒီတကြိမ်မှာလည်း အထူးဂရုစိုက်နေကြဖို့ လိုတယ်လို့ မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက် (MWRN) က ဦးအောင်ကျော်က ပြောပါတယ်။

“ထိုင်းအစိုးရနဲ့ ကျန်းမာရေးဌာနက ကြိုတင်ပြင်ဆင်၊ စနစ်တကျ မစောင့်ရှောက်နိုင်ဘူး ဆိုရင်တော့ တော်တော်စိုးရိမ်စရာကောင်းတဲ့ အခြေအနေ ရှိတာပေါ့။ U Aung Kyaw pic.jpgဘာကြောင့်လဲဆိုတော့ သူတို့လူမျိုးတွေတောင်မှ ဆေးသွားကုမယ် ဆိုရင်တောင်မှ ကုတင်မရှိသေးလို့ စောင့်ရင်းနဲ့ အသက်ဆုံးရှုံးနေပြီ ဆိုတော့ ရွှေ့ပြောင်း အလုပ်သမား နိုင်ငံခြားသားတွေ အတွက်က စဉ်းစားစရာဖြစ်ပြီး ကိုယ့်ကိုယ်ကို အထူးဂရုစိုက်ပြီး နေထိုင်ကြရမှာ ဖြစ်ပါတယ်“

ကိုဗစ်ရောဂါ ဖြစ်ပွားမှုအများဆုံး ဘန်ကောက်မြို့နဲ့ ဘန်ကောက်မြို့အနီးက ခရိုင်တွေကို အဝင်အထွက်ပိတ်ပင်ပြီး လော့ဒေါင်းချဖို့ ထိုင်းအစိုးရက အစည်းအဝေး ပြုလုပ်နေပါတယ်။ အသွားအလာပိတ်ပင် လော့ဒေါင်းချ၊ မချကို မကြာခင်ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ဦးအောင်ကျော်က ပြောပါတယ်။

000_9ED4BC.jpg
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဇူလိုင်လ ၈ ရက်နေ့က ကိုဗစ်-၁၉ စစ်ဆေးဖို့ တန်းစီစောင့်ဆိုင်းနေကြသူများ။ (Photo: AFP)

ရောဂါကူးစက်နှုန်း မြင့်မားနေတဲ့အတွက် ထိုင်းနိုင်ငံမှာ လူစုဝေးလူဝေး မလုပ်နိုင်အောင် ကန့်သတ်ချက်တွေ ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ဇူလိုင် ၅ ရက်နေ့ကနေ စပြီး ရွှေ့ပြောင်းလုပ်သားတွေရဲ့ နေထိုင်ခွင့်နဲ့ အလုပ်သမား မှတ်ပုံတင်ရမယ့် လုပ်ငန်းစဉ်တွေကို ထိုင်းပြည်ထဲရေးဌာနက ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။