နယ်စပ်ကဒုက္ခသည်တွေကို နေရပ်ပြန်မပို့ဖို့ ထိုင်းလူ့အခွင့်အရေးကော်မရှင်တောင်းဆို

RFA Burmese
2023.08.29
နယ်စပ်ကဒုက္ခသည်တွေကို နေရပ်ပြန်မပို့ဖို့ ထိုင်းလူ့အခွင့်အရေးကော်မရှင်တောင်းဆို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့က ထိုင်းနိုင်ငံအတွင်းမှ စစ်ဘေးဒုက္ခသည်တစ်ရာကျော်အား ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်စဉ်။
KHRG

တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဘက် ထွက်ပြေးလာရတဲ့ နယ်စပ်က ဒုက္ခသည်တွေကို လုံခြုံမှုမရှိဘဲ နေရပ်ပြန်မပို့ဖို့ ထိုင်းလူ့အခွင့်အရေးကော်မရှင်က တောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်ကောင်စီနဲ့ ကရင်နီတပ်တို့ကြားတိုက်ပွဲတွေကြောင့် လူပေါင်း တစ်သောင်းနီးပါး ထိုင်းနယ်စပ် မယ်ဟောင်ဆောင်ပြည်နယ်ထဲကို ထွက်ပြေးလာရတယ်လို့ ထိုင်းလူ့အခွင့်အရေးကော်မရှင်ရဲ့ ဩဂုတ်လ ၂၉ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကယားပြည်နယ်မှာ လတ်တလော လေကြောင်းတိုက်ခိုက်မှုတွေအပြင် အစားအသောက်ပို့ဆောင်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ခံထားရတာကြောင့် ဒုက္ခသည်တွေပိုများလာနေတယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ကရင်နီပြည်နယ်ထဲက ထွက်ပြေးလာတဲ့ အဲဒီဒုက္ခသည်တွေဟာ မယ်ဟောင်ဆောင်ပြည်နယ်ထဲက ဒုက္ခသည်စခန်း ငါးခုမှာ နေထိုင်နေရပြီး အကူအညီတွေလိုနေတယ်လို့ ဆိုပါတယ်။

ဒေသအာဏာပိုင်တွေ၊ ထိုင်းကြက်ခြေနီအဖွဲ့အပါအဝင် နိုင်ငံတကာအဖွဲ့တွေအနေနဲ့လည်း ဒုက္ခသည်တွေအတွက် အစားအသောက်၊ ဆေးဝါး၊ အဝတ်အထည်နဲ့ ရွက်ဖျင်တဲတွေ ပိုပြီး ထောက်ပံ့ပေးဖို့လည်း တောင်းဆိုထားပါတယ်။

ထိုင်းအာဏာပိုင်တွေအနေနဲ့ ဒုက္ခသည်တွေကို လူသားချင်းစာနာမှု အကူအညီတွေ ပိုပေးဖို့နဲ့ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် ဒုက္ခသည်တွေ ခိုလှုံနိုင်ရေး ဘေးကင်းလုံခြုံတဲ့နေရာတွေ ဖန်တီးပေးဖို့လည်း ထိုင်းလူ့အခွင့်အရေးကော်မရှင်က တိုက်တွန်းပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။