မန်ချက်စတာဘောလုံးသင်း ကို ဝယ်ယူဖို့ မြန်မာစစ်အစိုးရ စိတ်ကူးခဲ့

မြန်မာစစ်အစိုးရဟာ ကမ္ဘာကျော် အင်္ဂလန်ဘောလုံးသင်း တသင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကို ဝယ်ယူဖို့ စိတ်ကူးခဲ့ဖူးကြောင်း WikiLeaks အင်တာနက် စာမျက်နှာ က ဖော်ပြလိုက် ပါတယ်။

2010.12.07
manchester_united_soccer_sport_305_z.png အင်္ဂလိပ် ပရီမီယာလိဂ် ဘောလုံးပွဲတခုတွင် မန်ချက်စတာ ယူနိုက်တက်ဒ် ဘောလုံးသမားများ ဂိုးသွင်းပြီးနောက် ပျော်မြူးနေပုံ ဖြစ်ပါသည်။ ဝဲမှ ဒုတိယ (နံပါတ် ၁၀) မှာ ကမ္ဘာကျော် တိုက်စစ်မှူး ဝိန်း ရူနီ ဖြစ်သည်။ (Photo: AFP)
(Photo: AFP)

ရန်ကုန်မြို့ အမေရိကန်သံရုံးက ဝါရှင်တန်ကို ၂၀၀၉ ခုနှစ် ဇွန်လပိုင်းမှာ ပေးပို့ခဲ့တဲ့ လျို့ဝှက် အစီရင်ခံ စာ အရ - မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ စိတ်ကူးတဲ့အချိန်ဟာ ၂၀၀၈ ခုနှစ် မေလ နာဂစ် မုန်တိုင်းကြီး တိုက်ခတ်ပြီးချိန်မှာ ဖြစ်တယ် လို့ WikiLeaks က ဆိုပါတယ် ။

မုန်တိုင်းသင့်ဒေသတွေ မှာ လူ တသိန်းခွဲလောက် သေဆုံးခဲ့ရပြီး၊ ပြည်သူတွေ ဒုက္ခပင်လယ်ဝေနေပေမဲ့ စစ်အစိုးရက ကယ်ဆယ် ကူညီရေးတွေ နှေးကွေးနေချိန်၊ နိုင်ငံတကာ အကူအညီတွေကို လက်ခံဖို့ ငြင်းဆန်နေချိန် ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကို အမေရိကန်ဒေါ်လာ သန်းပေါင်းတထောင်နဲ့ ညီမျှတဲ့ ပေါင်စတာလင် ၆၃၄ သန်း နဲ့ ဝယ်ယူဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သူ့ရဲ့မြေးဖြစ်သူက တိုက်တွန်းခဲ့တာ ဖြစ်ပြီး၊ စစ်အစိုးရ အဖွဲ့ ကလည်း နာဂစ်မုန်တိုင်းထဲ စိတ်ရောက်နေကြတဲ့ ပြည်သူတွေကို မြန်မာ့သည်းခြေကြိုက် ဘောလုံးနဲ့ အာရုံ ပြောင်းဖို့ စိတ်ကူးခဲ့ကြကြောင်း WikiLeaks မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ နောက်ဆုံးမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နာဂစ်နဲ့ပတ်သက်ပြီး ပြည်တွင်းပြည်ပက ပြင်းပြင်းထန်ထန် ဝေဖန်နေချိန်မှာ မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူလိုက်ရင် တော်တော် အရုပ်ဆိုးမှာမို့၊ နိုင်ငံခြားအသင်းကို ဝယ်ယူမဲ့အစား ကိုယ့်ပြည်တွင်းမှာပဲ နိုင်ငံခြားသားတွေကို ငှားရမ်းပြီး ကိုယ်ပိုင် ဘောလုံးသင်း ထူထောင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စီးပွားရေးလုပ်ငန်းရှင်တွေကို ဘောလုံးသင်းတွေ ထူထောင်ခိုင်း၊ အားကစားကွင်းတွေ တည်ဆောက်ခိုင်းခဲ့ကြောင်း၊ စစ်အစိုးရနဲ့ နီးစပ်သူ လုပ်ငန်းရှင်တယောက်ဖြစ်တဲ့ မက်စ်မြန်မာ ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်ကတော့ သူ ထူထောင်တဲ့ ဘောလုံးသင်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မြေးကို ပါဝင်ကစားဖို့ ငှားရမ်းခဲ့ကြောင်း၊ အခု ဦးဇော်ဇော်ဟာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေကြောင်း Wikileaks က ဖော်ပြပါတယ်။

Wikileaks အင်တာနက် သတင်းစာမျက်နှာ ဟာ အမေရိကန်နဲ့ နိုင်ငံတကာ သံတမန်အတွင်းရေး သတင်းတွေကို ဖွင့်ချနေတဲ့အတွက် ဒီရက်ပိုင်းအတွင်း ကမ္ဘာ့နိုင်ငံတွေကြား လှုပ်လှုပ်ရှားရှား ဖြစ်နေပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ သတင်းအချက်အလက်ပေါင်း သုံးထောင်ကျော် ရှိတယ်ဆိုတဲ့အတွက် မြန်မာ့အရေး လေ့လာသူတွေက စိတ်ဝင်စားနေကြပါတယ်။ သတင်းဌာနတချို့ကတော့ Wikileaks မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့လျို့ဝှက်ဖိုင်ပေါင်း ၁၈၆၄ ဖိုင် ရှိတယ်လို့လည်း ဖော်ပြကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2010-12-08 17:57

pLEASE CHECK YOUR NEWS. MAKE SURE THE NAME OF THE FOOTBALL TEAM.