ဘောလုံးပွဲကြောင့် ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ ကျေးရွာ ၂ ရွာကြားမှာ လုံခြုံရေးစောင့်ကြည့်


2016.08.20
house-damage-620.JPG ဘောလုံးပွဲကြည့်ရင်း ခိုက်ရန်ဖြစ်ပွားပြီး ဆင်မင်းကျေးရွာက နေအိမ်တွေ ဖျက်ဆီးထားတာကို တွေ့ရစဉ်
Photo : Thein Win Oo (facebook)

မကွေးတိုင်း ပခုက္ကူမြို့နယ် ကွန်းရွာဘုရားပွဲမှာ ဆင်မင်းကျေးရွာနဲ့ ရွှေတန်းတစ်ကျေးရွာ ရွာသူ ရွာသားတွေ ဒီလ ၁၈ ရက်နေ့က ဘောလုံးပွဲကြည့်ရင်း ခိုက်ရန်ဖြစ်ပွားပြီး ဆင်မင်းကျေးရွာက နေအိမ် ၁၃ လုံး ဖျက်ဆီးခံရ တာကြောင့် ကျေးရွာနှစ်ရွာအကြားမှာ လုံခြုံရေးချထားလိုက်ပါတယ်။

လုံခြုံရေးအတွက် ရဲအင်အား ၂ဝ လောက်ဟာ ကျေးရွာလုံခြုံရေး စောင့်ကြည့်နေသလို နေအိမ်ဖျက်ဆီးမှုနဲ့ ခိုက်ရန်ဖြစ်ပွားမှု၊ ရန်စမှုတွေမှာ ပါဝင်ခဲ့သူတွေကို စာရင်းကောက်နေတယ်လို့ ပခုက္ကူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင် က ပြောပါတယ်။

"ရှေ့ဆက်ပြီး ဘာပြဿနာမှမဖြစ်အောင် နှစ်ရွာကြားမှာ ဘုန်းကြီးကျောင်းရှိတယ်၊ အဲ့ဒီဘုန်းကြီးကောျင်း မှာ ရဲအင်အား ၂၀ ချထားတယ်၊ ထပ်ဖြစ်စရာလည်း အကြောင်းမရှိပါဘူး၊ ရဲလုပ်ငန်းအရ လေးခွနဲ့ စပြီးပစ်တဲ့သူ၊ လမ်းမှာချောင်းပြီးတော့ လေးခွနဲ့ ပစ်တဲ့သူ၊ ဒါတွေကိုဖော်ထုတ်ပြီးတော့ ဖမ်းဆီးမှာပါ၊ ဥပဒေအရ အရေးယူသွားမှာပါ"

ပြီးခဲ့တဲ့သြဂုတ်လ ၁၈ ရက်နေ့က ကွန်းရွာဘုရားပွဲမှာ ဘောလုံးပွဲကျင်းပခဲ့တာဖြစ်ပြီး ဘောလုံးပွဲကြည့်ရင်း ခိုက်ရန်ဖြစ်ပွား ခဲ့ကြတာဖြစ်ပါတယ်။ ရန်ပွဲမှာ ရွှေတန်းတစ်ရွာသားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အပြန်လမ်းမှာ ဆင်မင်းကျေးရွာသားတွေ က လေးခွနဲ့ ပစ်ခတ်တာတွေရှိခဲ့ပါတယ်။

အဲ့ဒီကိစ္စကို မကျေနပ်တဲ့ ရွှေတန်းတစ်ရွာသားတွေက ဆင်မင်းကျေးရွာမှာ နေအိမ်တွေကို ဝင်ရောက်ဖျက်ဆီးခဲ့ တာဖြစ်ပါတယ်။

ဆင်မင်းကျေးရွာမှာ အိမ်ခြေ ၁ဝဝ လောက်ရှိပြီး ရွာသားတွေဟာ သူတို့ရဲ့နေအိမ်တွေ ဖျက်ဆီးခံရချိန်မှာ ထွက်ပြေး တိမ်းရှောင်နေတဲ့အတွက် လူတွေထိခိုက်မိတာမရှိဘဲ ဈေးဆိုင်တွေ၊ ဆိုင်ကယ်တွေ၊ ရေခဲသေတ္တာတွေ၊ တီဗီတွေနဲ့ ပရိဘောဂပစ္စည်းတွေ ပျက်စီးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီကျေးရွာနှစ်ရွာဟာ ၂ဝ၁၂ ခုနှစ်ကတည်းက ကျေးရွာပိုင် ဘုန်းကြီးကျောင်းကိစ္စနဲ့ အငြင်းပွားခဲ့ပြီး ပြဿနာဖြစ် ပွားခဲ့ဖူးပါတယ်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။