သစ်ထုတ်လုပ်မှု လျော့ချဖို့ လွှတ်တော်ကိုယ်စားလှယ်ပြောကြား
2018.09.11
တနင်္သာရီမြို့နယ်မှာ သစ်ထုတ်ဖို့လျာထားတဲ့ တန် တစ်သောင်းကို လျော့ထုတ်ဖို့နဲ့ ဒေသခံတွေ အသုံးပြုဖို့အတွက် ခွဲတမ်းစီစဉ်ပေးဖို့ အစိုးရကို တောင်းဆိုထားတယ်လို့ တနင်္သာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောပါတယ်။
တနင်္သာရီမြို့မှာ ဒီနေ့ကျင်းပတဲ့ သစ်ထုတ်လုပ်ရေး ရှင်းလင်းပွဲမှာ တောင်းဆိုခဲ့တာလို့ တနင်္သာရီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ က RFA ကိုပြောပါတယ်။
ဒီနေ့ကျင်းပတဲ့ ရှင်းလင်းပွဲကို ဒေသခံတွေ တက်ရောက်မှုနည်းတာကြောင့် နောက်တစ်ကြိမ် လာမယ် ၂၈ ရက်နေ့မှာ ပွဲထပ်လုပ်ဖို့ရှိတယ်လို့လည်း သိရပါတယ်။
တနင်္သာရီမြိုနယ်ရှိ ပဝ၊ ဖိုးမဲ ကြိုးပြင်တောမှာ သစ်ထုတ်လုပ်လိုရတဲ့ သစ်လုံးရေ ၃သောင်းကျော်ရှိပြီး အခုထုတ်မယ်တန်၁သောင်းဟာ သစ်တောဖုန်းလွှမ်းတာရဲ့ ၁၂ ရာခိုင်နှုန်းပဲရှိတယ်လို့လည်း သစ်တောဦးစီးဌာနက ပြေကြားခဲ့ကြောင်း ဦးရဲမြင့်ဆွေကပြောပါတယ်။
၂၀၁၈/၁၉ ခုနှစ်အတွင်း ကျွန်း၊ သစ်မာ စတဲ့သစ်တန်ချိန် ၃၅၀၀၀၀ နီးပါးထုတ်ဖို့ လျာထားတယ်လို့ သစ်တောဦးစီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။