အကြမ်းဖက်မှုအပြီး သံတွဲမှာ နောက်ထပ်နေအိမ် မီးလောင်
2013.07.02
ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ သံတွဲမြို့ရဲ့ ဆူပူအကြမ်းဖက်မှု အပြီး မှာ မနေ့ညပိုင်းက ထပ်မံပြီး နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။
မီးလောင်ကျွမ်းမှုဟာ သံတွဲမြို့ ဒါွရာဝတီ (ခ) ရပ်ကွက်မှာ ည ၉ နာရီလောက်က ဖြစ်ပွားတာ ဖြစ်ပြီး ရှို့မီးဖြစ်တယ်လို့ သံတွဲခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက RFA ကို ပြောပါတယ်။
"အဲဒီအချိန်က လူမရှိတဲ့အချိန်မှာ မုဒိန်းမှုကို အခြေခံပြီးတော့ ဖန်တီးလာတဲ့ ပြဿနာတွေပေါ်မှာ အခြေခံတဲ့ မကျေနပ်တဲ့လူတွေက မီးရှို့တယ်လို့ ယူဆပါတယ်ခင်ဗျ၊ ပြည်နယ်ရဲ့ လုံခြုံရေးဝန်ကြီး ကိုယ်တိုင်လာပြီးတော့ လုံခြုံရေးဆောင်ရွက်ပေးနေတဲ့အချိန်မှာ အခုလို မမျှော်လင့်ပဲဖြစ်သွားတာပါ"
သံတွဲမြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ဆူပူမှုကြောင့် ညပိုင်းမှာပဲ ပုဒ်မ-၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။
အဲဒီဆူပူမှုမှာ ဒါွရာဝတီ (က) ရပ်ကွက်က နေအိမ် ၂ လုံးနဲ့ ကားတစ်စီး မီးလောင်ကျွမ်းခဲ့ပါတယ်။
အခုလက်ရှိမှာ ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းကိုယ်တိုင် သံတွဲမြို့ပေါ်ရောက်ရှိပြီး လုံခြုံရေးကိစ္စရပ်တွေနဲ့ ပဋိပက္ခတွေ ဆက်လက်မဖြစ်ပွားဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။