သံဇစ်မြစ်ရေညစ်ညမ်းမှု စုံစမ်းလေ့လာဖို့ ရခိုင်ပြည်နယ်အစိုးရကို တိုက်တွန်း
2018.09.17

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် သံဇစ်မြစ်ကနေ စတင်ခဲ့တဲ့ ရေထုညစ်ညမ်းမှုဟာ ရမ်းဗြဲ၊ မအီ၊ မြေပုံ၊ အမ်း စတဲ့ မြို့နယ်တွေအထိ ကျယ်ပြန့်လာနေပြီး အဓိက အကြောင်းရင်းကို လေ့လာစုံစမ်းဖို့ မြန်မာ-တရုတ် ပိုက်လိုင်း စောင့်ကြည့်ရေးအဖွဲ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ ဒီနေ့တွေ့ဆုံပြီး တိုက်တွန်းလိုက်ပါတယ်။
ပြည်နယ်အစိုးရအနေနဲ့ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းပြီးဆောင်ရွက်ဖို့ တိုက်တွန်းခဲ့တာလို့ မြန်မာ-တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေးအဖွဲ့ရဲ့ ညှိနှိုင်းရေးမှူး ဦးရဲသိမ်းဦးက ပြောပါတယ်။
"ဒီလိုမျိုး ရေ အရည်အသွေး မကျဆင်းသွားနိုင်အောင်လို့အတွက် ရေရှည် ဘယ်လိုမျိုးတွေ ဆောင်ရွက်ရမလဲ။ ခုဖြစ်တဲ့ ဖြစ်စဉ်ပေါ်မှာလည်း ဖြစ်စဉ်က စုံစမ်းတွေ့ရှိတာက ဘာကြောင့် ဖြစ်တယ်ဆိုတာထိ ရောက်အောင် စုံစမ်းတွေ့ရှိဖို့၊ အဲဒါတွေထိရောက်အောင်သွားဖို့ ကျနော်တို့ တောင်းဆိုတာဖြစ်ပါတယ်။ အဲဒါတွေအပေါ်မှာ ပြည်နယ်အစိုးရအနေနဲ့ ပြည်ထောင်စုအဆင့်မှာရှိတဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန၊ သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာနတို့နဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ပေးပါလို့ တောင်းဆိုထားပါတယ်"
ရေထုညစ်ညမ်းမှုဖြစ်ပေါ်နေတဲ့ မြို့နယ်တွေကို မြန်မာ-တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေးအဖွဲ့က ကွင်းဆင်း လေ့လာပြီး ရေလုပ်သား တစ်ထောင်ခန့်ကို မေးမြန်းခဲ့ရာမှာ လူပေါင်း ၁၆၀ ကျော်မှာ ရေကြောင့် အရေပြားရောဂါ တွေ ဖြစ်ပေါ်နေတာတွေကို တွေ့ရှိထားတယ်လို့ ဆိုပါတယ်။
အဲဒီအချက်တွေအပြင် ငါး၊ ပုစွန် ဖမ်းဆီးရရှိမှု ထက်ဝက်ခန့်လျော့ကျလာတဲ့ တွေ့ရှိချက်တွေကို တင်ပြခဲ့ရာမှာ ပြည်နယ် အစိုးရအဖွဲ့က ငါး၊ ပုစွန်ဖမ်းဆီးရရှိမှု လျော့ကျတာမရှိဘူးလို့ ငြင်းဆိုခဲ့တယ်လို့လည်း ဦးရဲသိမ်းဦး က ပြောပါတယ်။
အရေပြားရောဂါဖြစ်ပေါ်နေတဲ့ ရေလုပ်သားတွေနဲ့ပတ်သက်ပြီးတော့လည်း အမှန်တကယ်ဟုတ်၊ မဟုတ်ဆိုတာကို စမ်းသပ်စစ်ဆေးဖို့အတွက် ရေလုပ်သား ၅ ဦးကို ပို့ပေးဖို့ကိုလည်း ပြည်နယ်အစိုးရက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။