သရက်ချောင်းမြို့ ကနက်သီရိရွာသား ၃ဝ ကျော် ဖမ်းဆီးခံထားရ

RFA Burmese
2023.06.09
သရက်ချောင်းမြို့ ကနက်သီရိရွာသား ၃ဝ ကျော် ဖမ်းဆီးခံထားရ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာတွင် စစ်ကောင်စီတပ်များ ဇွန်လ ၉ ရက်နေ့က မီးရှို့သွားခဲ့တဲ့ နေအိမ်ကို တွေ့ရစဉ်။
Citizen Journalist

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာကို ဇွန်လ ၉ရက်နေ့က စစ်ကောင်စီတပ်ဝင်ရောက်ပြီး ဒေသခံ ၃၀ ကျော်ကိုဖမ်းဆီးကာ နေအိမ်တချို့ကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာထဲမှာရှိတဲ့ လူ ၃၀ လောက်ကို လူသားဒိုင်းကာအဖြစ်ဖမ်းဆီးသွားတာလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

"စစ်ကောင်စီတပ်ဟာ ဘုန်းတော်ကြီးကျောင်းမှာ တပ်စွဲထားတယ်၊ ရွာသားတွေကိုလည်းဖမ်းပြီး လူသားဒိုင်းကာအဖြစ်ထားတယ်၊ ကျန်တဲ့ရွာသားတွေက ထွက်ပြေးနေရတယ်။"

ဇွန်လ ၈ ရက်နေ့ကလည်း ရငဲနဲ့ ကမြိုင်ကျေးရွာကြားမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ သရက်ချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားခြောက်ဦး သေဆုံးခဲ့တယ်လို့ အဖွဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကျောက်ခဲက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ တိုက်ခိုက်ခံရပြီးနောက် ကနက်သီရိရွာဘက်ကိုထွက်သွားပြီး ရွာသားတွေကို ဖမ်းဆီးနှိပ်စက်နေတယ်လို့လည်း သူက ဆိုပါတယ်။

စစ်ကောင်စီဘက်က ရေကြောင်းကနေ စစ်သင်္ဘောတစ်စီး စစ်ကူလာရောက်ပြီး လက်နက်ကြီးနဲ့ပစ်ခတ်နေသလို ကနက်သီရီရွာကနေ ထွက်ဖို့ကြိုးစားရင်း ရွာသားတွေကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားတာလို့လည်း ဆက်ပြောပါတယ်။

လက်ရှိမှာ ကနက်သီရိ၊ ရငဲ၊ ကျွဲမင်းကုန်း၊ ကျောက်ခမောက်၊ ပိန္နဲကုန်း စတဲ့ ကျေးရွာငါးရွာလောက်က ထောင်နဲ့ချီတဲ့ဒေသခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ဒေသခံတွေဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးယဉ်ထွေးကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။

သရက်ချောင်းမြို့နယ်မှာ စစ်ရေးအခြေအနေတွေကြောင့် မြိတ်-ထားဝယ်ကားလမ်းကို ည ၉ နာရီနောက်ပိုင်း မသွားကြဖို့ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇွန်လ ၈ ရက်နေ့မှာ သတိပေးထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ် ဇွန်လ ၉ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် အရပ်သား ၂၃,၂၉၉ ဖမ်းဆီးခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။