သမ္မတသစ်၏ ပထမဆုံးပြည်ပခရီး တရုတ်နိုင်ငံဖြင့် စမည်

နှစ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အရ သမ္မတဦးသိန်းစိန်ဟာ တရုတ်နိုင်ငံကို နောက်သီတင်းပတ်အတွင်း သွားရောက် လည်ပတ်မှ ာဖြစ်တယ်လို့ မြန်မာအစိုးရအရာရှိတဦးက မေလ ၁၉ ရက် ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

2011.05.19
president_thein_sein_oath_305_z.png သမတသစ် ဦးသိန်းစိန် (အလယ်) နှင့် ဒုတိယ သမတများ ဖြစ်သော ဦးတင်အောင်မြင့်ဦး (ဝဲ)၊ ဒေါက်တာ စိုင်းမောက်ခမ်း (ယာ) တို့ မတ်လ ၃၀ ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် ခန်းမတွင် ကျမ်းသစ္စာ ကျိမ်ဆိုနေပုံ ဖြစ်ပါသည်။ (Photo: AFP / HO / MRTV)
Photo: AFP / HO / MRTV

နှစ်နိုင်ငံဆက်ဆံရေးအရ တရုတ်နိုင်ငံကို အရင်ဆုံး သွားရောက် လည်ပတ်ဖို့ စီစဉ်တာဟာ ဦးသိန်းစိန် အစိုးရသစ်အတွက် တရုတ်နဲ့ဆက်ဆံရေး အလွန်အရေးကြီးတာကြောြင့်ဖစ်တယ်လို့ မြန်မာအစိုးရ အရာရှိ က အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေး လေ့လာ သုံးသပ်သူ ဒေါက်တာ လှကျော်ဇောကတော့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်ဖို့ ဖိအားပေးနေတဲ့ အနောက်နိုင်ငံတွေကို ဦးသိန်းစိန် အစိုးရက အလေးမထားဘူး ဆိုတာ ပြသချင်တဲ့အတွက်ကြောင့်လည်း ဖြစ်တယ်လို့ ပြောပါတယ်။

“ကျွန်မကြည့်တာတော့ ဒီလိုလေ၊ ဗိုလ်သိန်းစိန်တို့ အစိုးရအနေနဲ့ တရုတ်ကို သူက မျက်နှာလုပ်ပြတာ အကြောင်းတွေ အများကြီး ရှိတယ်။ တခုက ဗမာ ပြည်သူလူထုကိုလည်း သူက ခြိမ်းခြောက်တာပေါ့။ ငါတို့မှာ အားကိုးကြီး ရှိတယ်။ နောက်တခုက သူ့ကို တအား ဖိအားပေးနေတဲ့ အနောက်နိုင်ငံတွေပေါ့ဗျာ၊ အဲဒီ အနောက်နိုင်ငံတွေကိုလည်း သူက ခြိမ်းခြောက်တဲ့သဘော ပါပါတယ်။ သူက ငါ့မှည တရုတ်ကြီး ရှိနေသေးတော့ နင်တို့လည်း သိပ်ဂရုမစိုက်ပါဘူး။ နင်တို့ ငါ့ကို ဂရုစိုက်စိုက်၊ မစိုက်စိုက် အဲလို ခြိမ်းခြောက်တဲ့ သဘောလည်း ပါပါတယ်။ ဒါကြောင့်မို့ တမင် လုပ်ပြနေတဲ့ ခြေလှမ်းပေါ့ဗျာ။ သေနင်္ဂဗျူဟာ ခြေလှမ်းတွေပေါ့။”

ပြီးခဲ့တဲ့ဧပြီလမှာ ကျင်းပခဲ့တဲ့ သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ ကတိသစ္စာခံယူပွဲ ပြီးကတည်းက တရုတ်ပြည်ကို သွားရောက် လည်ပတ်ဖို့ နှစ်နိုင်ငံ အစိုးရတွေက စီစဉ်နေခဲ့တာလို့ မြန်မာအရာရှိ က ပြောဆိုကြောင်း သိရပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ဝေဖန်ရှုတ်ချနေတဲ့ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ပြီးမှ ဦးသိန်းစိန်အစိုးရက တရုတ်ပြည်ကို သွားဖို့ စီစဉ်တာဟာ အဓိပ္ပာယ်တရပ် ရှိတယ်လို့ ဒေါက်တာလှကျော်ဇောက ဆိုပါတယ်။

“ဟိုတနေ့ကပဲ လုပ်လိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် တနှစ်လျှော့တယ် ဆိုတာနဲ့ပဲ သူတို့က တကဲ့ ဘယ်လို လူစားမျိုးတွေ ဖြစ်တယ်ဆိုတာ ဖော်ပြလိုက်တာပဲလေ။ ဒီလူတွေရဲ့ အခြေခံ စိတ်နေစိတ်ထားက ပြည်သူလူထုကို အခုထိ ရန်သူလို သဘောထားတယ်ဆိုတာ ပေါ်နေတာပဲ။

“တရုတ်ပြည်က ဒါမျိုးကို သူ့ ပြည်တွင်းရေးလို့ပဲ သဘောထားတာလေ။ သူက ဘာမှ ပြောမှာမဟုတ်ဖူး၊ ဒီကိစ္စ။ သူက ရပ်ခံတာကိုက ဘယ်သူ့ ပြည်တွင်းရေးမှ ဝင်မစွက်ရေးဆိုတာကို ရပ်ခံနေတာလေ။ အဲဒီတော့ ဗိုလ်သိန်းစိန်တို့ လာလည်း ဒီကိစ္စကို မပြောဘူးလေ။ ဒါကြောင့်မို့ ဘယ်နိုင်ငံမှ မသွားပဲ တရုတ်ပြည်ပဲ လာတာ။ အာဆီယံကို သွားပြီးမှ လွတ်ငြိမ်းချမ်းသာခွင့်ကို ကြေညာတယ်။ ပြီး တရုတ်ပြည်ကို လာတယ်။ တရုတ်ပြည်လာလို့ကတော့ တရုတ်ပြည်က ဒီကိစ္စ ဘာမှ ဝေဖန်မှာ မဟုတ်ဖူး။”

သမ္မတရဲ့ တရုတ်နိုင်ငံခရီးစဉ်ဟာ မေလ ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့ အထိ လေးရက်တာ ကြာမြင့်မှာ ဖြစ်ပါတယ်။ တရုတ်ပြည်မှာ ဘယ်သူတွေနဲ့ တွေ့ဆုံမလဲ ဆိုတာ အခုချိန်ထိ သတင်းမထုတ်ပြန်သေးပါဘူး။

ဦးသိန်းစိန်အနေနဲ့ တရုတ်နိုင်ငံပြီးရင် အခြားနိုင်ငံတွေကိုလည်း ချစ်ကြည်ရေးခရီးစဉ် သွားရောက် လည်ပတ်ဖို့ ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။